ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ရက်စက်မှု စစ်တပ်မှာ တာဝန်ရှိကြောင်း ထောက်ပြ
2018.03.28
မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစုတွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ဖိနှိပ်ရက်စက်မှုတွေအတွက် တပ်မတော် မှာ တာဝန်ရှိတယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးဆောင်ရွက်တဲ့ အဖွဲ့တွေနဲ့ ပညာရှင်တွေက ထောက်ပြကြပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် Vice News မီဒီယာက Myanmar’s Muslim Minority “ မြန်မာနိုင်ငံက လူနည်းစုမွတ်စလင် ” ဆိုတဲ့အမည်နဲ့ ၂၀၁၆ ခုနှစ် မေလကဖြန့်ချီထားတဲ့ မှတ်တမ်းရုပ်ရှင်ကားကို ဝါရှင်တန်ဒီစီမြို့က ဂျော့ရှ်ဝါရှင်တန်တက္ကသိုလ် နိုင်ငံတကာရေးရာကျောင်း အာရှလေ့လာရေးဌာနမှာ မနေ့က ပြသခဲ့ပြီးတဲ့နောက်ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြောလိုက်တာ ဖြစ်ပါတယ်။
ARSA ရိုဟင်ဂျာအဖွဲ့က မြန်မာ့နယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်တိုက်ခိုက်လို့ ရဲဝန်ထမ်း ဒါဇင်နဲ့ချီသေဆုံးရတဲ့ဖြစ်ရပ်ဟာ အဲဒီဒေသကို ရှင်းလင်းရေးလုပ်ဖို့ မြန်မာ့တပ်မတော်အတွက် အခွင့်အရေးရသွား သလို၊ သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေ ထွက်ပြေးရတဲ့အကြောင်းတရားလဲ ဖြစ်တယ်လို့ ဂျော့ရှ်ဝါရှင်တန်တက္ကသိုလ် နိုင်ငံတကာရေးရာကျောင်းက မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ Christina Fink ကပြောပါတယ်။
Burma Task Force အဖွဲ့က Robert Marro ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီမိုကရေစီ ဆက်ပြီးဖော်ဆောင်တာမြင်ချင်သလို၊ ရိုဟင်ဂျာကိစ္စမှာလည်း ရေငုံနှုတ်ပိတ်မနေသင့်ဘူးလို့ ထောက်ပြပါတယ်။
အမေရိကန်ပြည်ထောင်စု-အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အကြီးတန်း အကြံပေး Matthew Wells က ကချင်၊ တအန်း၊ ရှမ်း စတဲ့တိုင်းရင်းသားတွေအပေါ် မြန်မာ့တပ်မတော်က စစ်ရာဇဝတ်မှုကျူးလွန်ထားတဲ့ အထောက်အထားတွေရှိထားသလို၊ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ရက်စက်ထားတွေလဲရှိတယ်၊ ဒါကြောင့်တပ်မတော်က တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူရမယ်လို့ပြောပါတယ်။