ထိုင်းရဲက ရိုက်နှက်စစ်ဆေးခဲ့ လို့ မြန်မာနှစ်ဦး ဝန်ခံထွက်ဆိုခဲ့ ရတယ်လို့ မြန်မာရှေ့နေ ပြောဆို
2014.10.07

ထိုင်းနိုင်ငံ ခိုထောင်းကျွန်းမှာ ဗြိတိန်စုံတွဲအသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရ တဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားနှစ်ဦးက သူတို့ကို ထိုင်းရဲက ရိုက်နှက် စစ်ဆေးခဲ့တာကြောင့် ဝန်ခံထွက်ဆို ခဲ့ရတယ် လို့ ပြောကြောင်းသိရပါတယ်။
မြန်မာကောင်စစ်ဝန်အရာရှိ ဦးဆောင်တဲ့အဖွဲ့က သူတို့နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ထိုင်းနိုင်ငံ က မော့စမွီအကျဉ်းထောင်ကို ဒီကနေ့သွားရောက်တွေ့ ဆုံစဉ်မှာ အခုလိုပြောကြားခဲ့တယ်လို့ မြန်မာ အလုပ် သမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
"ကလေးတွေက သာမာန်အနေအထားနဲ့မတူဘူး စခန်းမှာရိုက်ခံရတယ်ဆိုတာဟာ ကလေးကိုယ် တိုင်ပြောတာပါ ပထမရက်တွေက ဝန်ခံခြင်းမရှိပဲ နဲ့ မြန်မာစကားပြန်က လေးငါးချက်လောက်ရိုက်ပြီး မှသာ ဝန်ခံတယ်ဆိုပြီးဖြစ်တယ်၊ မင်းတို့အပြစ် သက်သာမယ်ဆိုတဲ့ ဆွဲဆောင်တဲ့စကားတွေ ပြောတယ်၊ မော့စမွီမှာ အရင်ဆုံး အဖမ်းခံရတဲ့ ကလေးက စဝင်ခံတယ် ဆိုတဲ့ ကိစ္စပေါ်လာတယ်၊ မရိုက်ခင်တုန်းက ဒီအမှုနဲ့ပတ်သက်လို့ ဘာဖြစ်လို့ ဟုတ်တယ်လို့ ဝန်မခံပဲနဲ့ ရိုက်ပြီးမှဝန်ခံသလဲ ရိုက်တယ်ဆိုတာ သူတို့ကာယကံရှင်ကိုယ်တိုင်က ကျနော်တို့ တစ်ဖွဲ့လုံး ရဲ့ရှေ့မှာ ပြောတာပါ အဲ့ဒီတော့ ရိုက်နှက်စစ်ဆေးခြင်းအားဖြင့် ဝန်ခံခြင်းဆိုတာကတော့ ရဲစခန်း မှာဖြစ်နေတဲ့အတွက်ကြောင့်မို့ ကျနော်တို့ကတော့ ဘယ်လိုမှလက်ခံလို့မရဘူး"
ဒါ့အပြင် သူတို့ကိုရုံးတင်စစ်ဆေးမယ်ဆိုရင်လည်း ထိုင်းလူမျိုးရှေ့နေတွေအပါအဝင် မြန်မာဘက်က ရှေ့နေတွေနဲ့ပါ လိုက်ပါဆောင်ရွက်ပေးဖို့ စီစဉ်နေကြောင်း ဦးအောင်မျိုးသန့်က ပြောပါတယ်။
သူတို့အမှုတွဲကိုကြည့်ရှုဖို့ မြန်မာကောင်စစ်ဝန်အရာရှိအဖွဲ့က တောင်းဆိုခဲ့ပေမဲ့ ထိုင်းအာဏာပိုင်တွေဘက်က တရားရုံးကို မတင်ပြရသေးတဲ့အတွက် မပေးနိုင်သေးကြောင်း ငြင်းဆိုခဲ့ပါတယ်။
အဲဒီအမှုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ထိုင်းရဲက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နောက်ထပ် မြန်မာတစ်ဦးကို လည်း တွေ့ခွင့်မရခဲ့ဘူးလို့ သိရပါတယ်။
ဒီအတွင်း ထိုင်းအာဏာသိမ်းစစ်အစိုးရ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကိစ္စကို သမ္မတ ဦးသိန်းစိန်က ထည့်သွင်းဆွေးနွေးမယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကပြောဆိုကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီသတင်းမဂ္ဂဇင်းက ဖေါ်ပြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရဆီကို တရားဝင်စာ မပေးပို့ရသေးပေမဲ့၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ကို ထိုင်းပြည်ထဲရေး ဝန်ကြီးဌာနနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးဖို့ ညွှန်ကြားထားကြောင်း ပြော ဆိုတယ်လို့လည်း ဖေါ်ပြထားပါတယ်။