မြိုင်မှာ လက်နက်ကြီးကြောင့် ကိုရင်နှစ်ပါးနဲ့ ကလေးတစ်ဦးအပါအဝင် ငါးဦး သေဆုံး

RFA Burmese
2023.10.30
မြိုင်မှာ လက်နက်ကြီးကြောင့် ကိုရင်နှစ်ပါးနဲ့ ကလေးတစ်ဦးအပါအဝင် ငါးဦး သေဆုံး မြိုင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့က တွေ့ရစဉ်။
We Love Myaing

မကွေးတိုင်း၊ မြိုင်မြို့နယ် ကင်းရွာနဲ့ ကန်ရပ်ကြီးရွာကို အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကိုရင်နှစ်ပါးနဲ့ ကလေးတစ်ဦးအပါအဝင် စုစုပေါင်း ငါးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ ကန်ရပ်ကြီးရွာက အသက် ၁၀ နှစ်အရွယ် ကိုရင်နှစ်ပါး၊ ကင်းရွာက အသက် ၄၀ အရွယ် ဦးစိုးတင့်ဦး၊ အသက် လေးနှစ်အရွယ် ဦးစိုးတင့်ဦးရဲ့ သမီးငယ်နဲ့ အသက် ၆၀ အရွယ် ဒေါ်အေးဆင့် တို့ဖြစ် ပါတယ်။

အောက်တိုဘာ ၂၉ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ ပခုက္ကူမြို့နယ် အနောက် ဘုန်းကံရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက သုံးမိုင်ခန့်ဝေးတဲ့ မကွေးတိုင်း မြိုင်မြို့နယ် ကန်ရပ်ကြီးနဲ့ ကန်ရပ်ကြီးရွာတွေကို လက်နက် ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

"ကန်ရပ်ကြီးမှာတော့ ဘုန်းကြီးကျောင်းထဲကို ကျတယ်။ ကျတော့ ကိုရင်နှစ်ပါးက တစ်ခါတည်း ပျံလွန်တော် မူသွားတယ်။ ကင်းရွာမှာကျတော့ မနက် ၁၁ နာရီခွဲ ဝန်းကျင်လောက်မှာ ထမင်းစားနေတဲ့ ပြည်သူတွေ ထမင်းဝိုင်းပေါ် တည့်တည့်ကျတယ်။ အဲဒီမှာ နှစ်ယောက်က တစ်ခါတည်း သေသွားတယ်။ တစ်ယောက်ကတော့ ဆေးရုံမှာ ကုမရတော့လို့ ရွာကို ပြန်သယ်လာချိန် လမ်းမှာ ဆုံးသွားတယ်"

သေဆုံးသူ ဦးစိုးတင့်နဲ့ ဒေါ်အေးဆင့်တို့ဟာလည်း မိသားစုဝင်တွေဖြစ်ပေမယ့် တော်စပ်ပုံကိုတော့ အတိအကျ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

ကန်ရပ်ကြီးရွာက ဘုန်းကြီးကျောင်းကို လက်နက်ကြီးကျည် ထိမှန်ချိန် စစ်ဘေးလာရှောင်နေတဲ့ ဒေသခံ ငါးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြိုင်မြို့နယ်ထဲက ကျေးရွာတွေကို ပြီးခဲ့တဲ့ သုံးလလောက်ကတည်းက တိုက်ပွဲဖြစ်တာမရှိဘဲ ပခုက္ကူမှာရှိတဲ့ စစ်တပ်က ၈၀ မမ လက်နက်ကြီးတွေနဲ့ နေ့စဉ်လိုလို ပစ်ခတ်နေတာလို့ ဆိုပါတယ်။

ဒါကြောင့် အိမ်ခြေ ၃၄၀ ခန့်ရှိတဲ့ စိုင်ဂေါင်းရွာ၊ အိမ်ခြေ ၁၂၀ ဝန်းကျင်ရှိတဲ့ ကင်းရွာနဲ့ အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိတဲ့ ကျောက်ဆစ်ကန်ရွာက ရာနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

ပခုက္ကူမြို့နဲ့ စစ်တပ်ယာယီအခြေစိုက်ထားတဲ့ အနောက်ဘုန်းကံရွာဟာ ဆယ်မိုင်ခန့်သာ ကွာဝေးတာကြောင့် ပခုက္ကူမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ မဝင်လာရဲအောင် လက်နက်ကြီးတွေနဲ့ ကာပစ်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းစစ်ကောင်စီအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၂၇ ရက်ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ လပေါင်း သုံးဆယ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ သေဆုံးသူ ၄၁၆၀ ဦး ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။