မြိုင်မြို့နယ် ဓမ္မသယရွာက နေအိမ် ၈၀ ခန့် မီးရှို့ခံရ
2022.07.25

မကွေးတိုင်း မြိုင်မြို့နယ်၊ ဓမ္မသယရွာကို ဇူလိုင်လ ၂၄ ရက် မနေ့နေ့လယ်ပိုင်းက စစ်ကောင်စီ တပ်သားတွေ ဝင်ရောက် မီးရှို့သွားတာကြောင့် နေအိမ် ၈၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၈၀ ခန့်ရှိတဲ့ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဓမ္မသယရွာအနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက်မှာ ရွာထဲကို အခုလိုဝင်ရောက်မီးရှို့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မနေ့က နာရီပြန်နှစ်ချက်လောက် နေ့လယ်ပိုင်းမှာ ရွာထဲဝင် မီးရှို့ဖျက်ဆီးသွားတာ။ အခုပါသွားတာက အလုံး ၈၀ ပါသွားတယ်။ စစ်တပ်က ရုတ်တရက်ဝင် မီးရှို့သွားတာ။ ကျွဲ၊ နွား၊ လူ အထိအခိုက်ကတော့ မရှိဘူး"
ဓမ္မသယရွာဟာ အိမ်ခြေ ၁၂၀ ခန့်ရှိပြီး ဒေသခံ ၅၀၀ ဝန်းကျင်ကလည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း RFA က ဒီနေ့ညနေပိုင်းအထိ ဖုန်းခေါ်ဆိုလို့ မရသေးပါဘူး။
ဒါပေမဲ့ ပြီးခဲ့တဲ့လတွေအတွင်း RFA က မေးမြန်းချိန်မှာတော့ စစ်ကောင်စီတပ်သားတွေက ရွာတွေကို မီးရှို့တာမျိုး ဘယ်တော့မှ မလုပ်ဘူးလို့ ပြန်လည်ငြင်းဆိုထားပါတယ်။
မနေ့ညနေပိုင်းမှာလည်း အဲဒီရွာအနီးက ကျောက်တောင်ရွာနဲ့ ကျောက်ကန်ရွာတွေကို ထပ်မံဝင်ရောက် မီးရှို့ခဲ့ပြီး အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။