မြိုင်မြို့နယ် ညောင်တွင်း (အနောက်) ရွာက နေအိမ် ၃၂ လုံး မီးရှို့ခံရ

RFA Burmese
2023.04.25
မြိုင်မြို့နယ် ညောင်တွင်း (အနောက်) ရွာက နေအိမ် ၃၂ လုံး မီးရှို့ခံရ မီးရှို့ဖျက်ဆီးခံရသည့် မြိုင်မြို့နယ် ညောင်တွင်း (အနောက်ရွာ) မှနေအိမ်များကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က တွေ့ရစဉ်။
နွေဦးတော်လှန်ရေး - မြိုင်မြို့

မကွေးတိုင်း၊ မြိုင်မြို့နယ် ညောင်တွင်း (အနောက်ရွာ) ကို ဧပြီလ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်သား အင်အား ၈၀ ခန့်ပါ စစ်ကြောင်း ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၂ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၇ နာရီခွဲမှာ ရွာထဲကို ဝင်ရောက်မီးရှို့သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ညောင်တွင်း (အနောက်) ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

"နေအိမ်က ၃၂ လုံး မီးလောင်တာပေါ့။ သူတို့ အရှေ့ပဒိုင်းတောဘက်ကနေ ကျနော်တို့ရွာဘက် ထောင်တက်လာတာ။ ဒီအတိုင်းပဲ သူတို့ဝင်ဝင်ချင်းကို ရှို့သွားတာ။ ရှို့ပြီး တစ်ခါတည်း ထွက်သွားတာပေါ့ "

အဲဒီရွာတွေအနီးမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကြောင်းထိုးပြီး ဝင်ရောက်မီးရှို့သွားတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ၂၀၂၂ ခုနှစ်ကလည်း အဲဒီရွာကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၆၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး အခုဒုတိယအကြိမ်မြောက် မီးရှို့ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ခြေလေးရာခန့်ရှိတဲ့ ညောင်တွင်း(အနောက်)ရွာက ဒေသခံတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့တပ်သားတွေဟာ ဒေသခံတွေရဲ့ နေအိမ်တွေကို ဘယ်တော့မှမီးမရှို့ဘူးလို့ RFA ကို အရင်က ငြင်းဆိုထားဖူးပါတယ်။

လွတ်လပ်တဲ့သုတေသန အဖွဲ့အစည်းဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ မကွေးတိုင်းမှာ နေအိမ် ၉၀၁၉ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။