နေရပ်ပြန်လာဖို့ လျှောက်လွှာပြန်ပို့သူ မရှိသေးကြောင်း ပြော
2017.12.30

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်လာဖို့တင်ပြတဲ့ လျှောက်လွှာတွေ ပေးပို့ထားတာ တစ်လကျော် ကြာမြင့်ပြီဖြစ်ပေမယ့် လက်ရှိအချိန်အထိ မြန်မာအစိုးရထံ ပြန်ပို့လာတာ မရှိသေးဘူးလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင် ဦးမြင့်ကြိုင်က ဒီနေ့ ပြောပါတယ်။
အဲဒီလျှောက်လွှာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ စိစစ်ပြီး ဖြည့်စွက်နေကြောင်း ကြားသိရတယ်လို့ အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။
"လောလောဆယ်တော့ လျှောက်လွှာတစ်ရွက်မှ မရောက်သေးဘူးဗျ။ ဟုတ်ကဲ့ ကျနော်တို့ဆီက ပို့ထားတာပဲရှိတယ်။ ပို့ထားတာတော့ တစ်လကျော်ပြီပေါ့နော်။ တစ်ရွက်မှတော့ ပြန်ပြီးတော့ မပို့သေးပါဘူး။ ကျနော်တို့ကြားတာတော့ သူတို့အဲဒီဟာတွေကို သူတို့စိစစ်ပြီးတော့ ဖြည့်နေ ကြတယ်တော့ ကြားတယ်ဗျ။ ဒီကိုတော့ ပြန်ပို့တာ မရောက်သေးပါဘူးဗျ။"
နိုဝင်ဘာလ ၂၃ ရက်နေ့က လက်မှတ်ရေးထိုးထားတဲ့ မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက် အရ မြန်မာနိုင်ငံကို ပြန်လာမယ့် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ၂၀၁၈ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စတင် လက်ခံမှာဖြစ်ပြီး အဲဒီလို လက်ခံဖို့အတွက် ယာယီစခန်းတွေ တည်ဆောက်နေပြီဖြစ်ပါတယ်။
ဒုက္ခသည်တွေကို ပြန်လည်လက်ခံရာမှာ မောင်တောဒေသက လုံခြုံရေးစခန်းတွေကို တိုက်ခိုက်ရာမှာ ပါဝင်ခဲ့ သူတွေပါလာရင် အရေးယူသွားမယ်လို့ ဦးမြင့်ကြိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လုံခြုံရေးစခန်းတွေ တိုက်ခိုက်ခံရမှုအပြီးမှာ ရခိုင်ပြည် နယ် မောင်တောဒေသက ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက် လူမျိုးတွေ၊ ဟိန္ဒူဘာသာဝင်တွေနဲ့ မွတ်စလင်တွေ ဟာ နေရပ်စွန့်ခွာပြီး ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။
ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက် လူမျိုးတွေနဲ့ ဟိန္ဒူဘာသာဝင် အများစုကတော့ ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တောနဲ့ ဘူးသီးတောင် မြို့ပေါ်တွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပြီး ဟိန္ဒူဘာသာဝင် အနည်းစုနဲ့ မွတ်စလင် အများစုကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။