ဒုက္ခသည်တွေ ပြန်လက်ခံရေး မြန်မာနဲ့ ကုလ ကနဦးလက်မှတ်ထိုး
2018.05.31

ရခိုင်ပြည်နယ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို ပြန်လည်လက်ခံရေးအတွက် မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် UNDP တို့ ပူးပေါင်းလုပ်ဆောင်ဖို့ ကနဦး နားလည်မှုစာချွန်လွှာတစ်စောင်ကို မနေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။
အဲဒီ သဘောတူညီချက်အရ နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်နေရာချထားရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နိုင်တဲ့ အခွင့်အရေးတွေရရှိရေးတွေအတွက် ကုလအဖွဲ့အစည်းတွေက ပါဝင်ဆောင်ရွက်မှာဖြစ်ပါတယ်။ အခုထိုးတာက ကနဦးသဘောတူညီချက်ဖြစ်ပြီး နာလည်မှုစာချွန်လွှာကို မကြာခင် ရေးထိုးချုပ်ဆိုနိုင်မယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အခုသဘောတူညီချက်အရ ရခိုင်ပြည်နယ်ကို ကုလအဖွဲ့အစည်းတွေသွားရောက်ပြီး ဒုက္ခသည်တွေကို အကာ အကွယ်ပေးရေးအပါအဝင် ပြန်လည်နေရာချထားရေးလုပ်ငန်းတွေကို မြန်မာအစိုးရက ခွင့်ပြုမှာ ဖြစ်ပါတယ်။
မနေ့က မေလ ၃၁ ရက်နေ့မှာပဲ ရခိုင်ပြည်နယ်မှာ အာဆာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေအပြီး ဖြစ်ပေါ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခုကို ဖွဲ့စည်းမယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။ အဲဒီအဖွဲ့မှာ နိုင်ငံတကာက ပုဂ္ဂိုလ် ၁ ဦးနဲ့ တခြားသူ ၂ ဦး စုစုပေါင်း ၃ ဦး ပါဝင်မယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်ခဲ့တာကို အရေးယူဖို့ ကုလနဲ့ နိုင်ငံတကာ ဖိအားပေးမှုတွေ ကျယ်ကျယ်ပျံ့ပျံ့ ထွက်ပေါ်ခဲ့ပြီးနောက် ဒီကြေညာချက် ထွက်ပေါ်လာတာပါ။
မကြာခင်က မြန်မာပြည်ကို သွားရောက်ခဲ့တဲ့ လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့က ဒီကိစ္စအတွက် မြန်မာ အစိုးရအနေနဲ့ ကိုယ်ပိုင်စစ်ဆေးမှာလား၊ လုံခြုံရေးကောင်စီက စစ်ဆေးရမှာလားဆိုပြီး နည်းလမ်း ၂ ခုရွေးချယ် ဖို့ပြောခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က မိမိတို့အစိုးရအနေနဲ့ တာဝန်ယူစစ်ဆေးမယ်လို့ ကတိပေးပြောကြား ခဲ့တယ်လို့ ဆိုပါတယ်။