ပေါက်တောမှာ မွတ်စလင် ဒုက္ခသည်စခန်း မီးလောင်
2015.01.24

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင် မွတ်စလင်ဒုက္ခသည်စခန်းမှာ မနေ့ကညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ ၈ ခန်းတွဲ အဆောင် ၁၀ လုံး စုစုပေါင်း အခန်းပေါင်း ၈၀ မီးလောင်ကျွမ်းသွားပါတယ်။
အဲဒီမီးလောင်မှုအပြီး မီးဘေးသင့်ဒုက္ခသည် အိမ်ထောင် စုပေါင်း ၁၀၀ ကျော်ကို ယာယီရွက်ဖျန်တဲတွေ နဲ့ လောလောဆယ်နေရာချထားပေးဖို့ပြင်ဆင်နေ တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက် သွယ်ရေးဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးလှဟန် က ပြောပါတယ်။
"မနေ့ကတော့ ကယ်ဆယ်ရေးပစ္စည်းပေါ့ စောင် တို့၊ ခြင်ထောင်တို့ အပါအဝင်ပေါ့ ပစ္စည်းကိုးမျိုး ပါတယ်၊ လောလောဆယ် ယာယီကယ်ဆယ်ရေး ရွက်ဖျင်တဲ ၁၁ဝ ဒီနေ့ အရောက်ပို့ဖို့စီစဉ်ခဲ့တယ်၊ ၁ဝ၆ စုပေါ့နော်၊ ကျနော်တို့က ၈ ခန်းတွဲတဲက ၁၂ လုံးဆောက်မယ်၊ ၁ဝ ခန်းတွဲက ၁ လုံးဆောက်မယ်၊ အဲ့ဒါကို ၁ လခွဲ အပြီးဆောက်ဖို့စီစဉ်တယ်"
ဒုက္ခသည်စခန်းမှာ မနေ့ညနေက ထမင်းချက်ရာကနေ ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပြီး ဆုံးရှုံးသွားတဲ့ ကာလတန်ဖိုးဟာ ငွေကျပ်သိန်းပေါင်း ၈၀၀ လောက်ရှိတယ်လို့ သိရပါတယ်။
အခုလက်ရှိမှာတော့ ဒုက္ခသည်တွေဟာ နီးစပ်ရာအဆောင်တွေမှာ မှီခိုနေထိုင်နေကြရတယ်လို့လည်း သိရှိရပါတယ်။
ကြိမ်နီပြင်ဒုက္ခသည်စခန်းမှာ ၈ ခန်းတွဲအဆောင် ၉၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၂ အတွင်းကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ပေါက်တောအပါအဝင် မြေပုံနဲ့ ကျောက်ဖြူမြို့နယ်တွေက အိမ်ထောင်စုပေါင်း ၈၀၀ ကျော် စုပေါင်းနေထိုင်တဲ့ ဒုက္ခသည်စခန်းတစ်ခုလည်းဖြစ်ပါတယ်။
ဒီမီးလောင်မှုနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြိုင်ကို RFA သတင်းထောက် ကိုသီဟထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။