ပြည်လုံးကျွတ် မွတ်စလင် ညီလာခံ ကျင်းပမည်
2014.05.05

ပထမဆုံးအကြိမ် "ပြည်ထောင်စု တိုင်းရင်းသား မွတ်စလင်များ" ပြည်လုံးကျွတ် ညီလာခံကို လာမယ့် စက်တင်ဘာလအတွင်း ကျင်းပသွားမှာဖြစ်ကြောင်း ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျင်းပရေးကော်မတီက ထုတ်ပြန်လိုက်ပါတယ်။
အဲဒီညီလာခံရဲ့ ဦးတည်ချက်ကို ပြည်ထောင်စု တိုင်းရင်းသား မွတ်စလင်များ ပြည်လုံးကျွတ် ညီလာခံ ကျင်းပရေးကော်မတီ အထွေထွေအတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်က အခုလို ပြော ပါတယ်။
"ပြည်ထောင်စုသားတွေရဲ့ တာဝန်နဲ့ ပြည်ထောင်စု သားတွေရဲ့ အခွင့်အရေးကို အပြည့်အဝရရှိချင်တယ်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုရှိတဲ့အတိုင်း အပြည့်အဝ ကိုးကွယ်ခွင့်ကို ရရှိချင်တယ်၊ နိုင်ငံတော်မှာရှိတဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အဲဒီလိုနယ်ပယ်တွေမှာလည်း ကျနော်တို့ အရည်အချင်းနဲ့ ပါဝင်ဆောင်ရွက်ချင်တယ်၊ ဆောင်ရွက်ခွင့်လည်းရှိသင့်တယ်၊ နောက်ပြီးတော့ ဖိနှိပ်မှုတွေ၊ လူနည်းစု အခွင့်အရေးတွေကိုလည်း ထိပါးတာတွေကိုလည်း နိုင်ငံတော်အနေနဲ့ အလေးထားပြီး ပြန်လည်ဆောင် ရွက်ပေးစေချင်တယ်၊ ဒီရည်ရွယ်ချက်နဲ့လုပ်တာပါ"
ညီလာခံကို စက်တင်ဘာလအတွင်း ကျင်းပနိုင်ဖို့ စီစဉ်ထားပေမဲ့ ကျင်းပမယ့်နေရာကိုတော့ မပြောနိုင်သေးကြောင်း သိရပါတယ်။
မွတ်စလင် ပြည်လုံးကျွတ် ညီလာခံမှာ တရားဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်ပေါ်လာဖို့၊ လူမျိုးရေး ဘာသာရေး အမုန်းပွားစေတဲ့ ပြောဆိုလှုံ့ဆော်မူတွေကို ပပျောက်စေဖို့ စတဲ့ အကြောင်းအရာတွေ ဆွေးနွေးသွား မှာဖြစ်ပြီး အစ္စလာမ်ဘာသာဝင်တွေရဲ့ အမြင်တွေကိုလည်း ထည့်သွင်းဆွေးနွေးသွားမှာဖြစ်ကြောင်း သိရပါတယ်။