စစ်တွေမြို့အနီး စက်လှေနစ်မြုပ်မှု ၂၂ လောင်း တွေ့ရှိ
2016.04.20

ရခိုင်ပြည်နယ် စစ်တွေမြို့သဲချောင်းဆိပ်ကမ်းမှာ မနေ့က စက်လှေတစ်စီး နစ်မြုပ်ခဲ့ရာ ဒီနေ့အထိ သေဆုံးသူ ၂၂ ဦးထက်မနည်းရှိနေပြီး ကျန်တဲ့အလောင်းတွေကို ဒေသခံကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေကြ ပါတယ်။
မနေ့က ရုပ်အလောင်း ၁၈ လောင်းတွေ့ရှိထားပြီး ဒီနေ့မနက်မှာ နောက်ထပ် သေဆုံးသူ ၄ ဦးရဲ့ အလောင်းတွေ ကမ်းစပ်မှာတင်နေတာဖြစ်တယ်လို့ ကယ်ဆယ်ရေးသမားတစ်ဦးဖြစ်တဲ့ ဦးစိန်ဝင်းက ပြောပါတယ်။
"မနေ့က ၁၈ လောင်းရတယ်၊ ဒီနေ့ မနက်က ၄ လောင်းရတယ်၊ ကျနော်တို့ ၃ နာရီလောက် ပြန်ဆင်းပြီးတော့ ရှာရမယ်၊ နေမဝင်မချင်းပေါ့၊ နောက်ထပ်နှစ်ရက်လောက် ကျနော်တို့ရှာကြည့်မယ်"
ဒီနေ့မနက်က တွေ့ရှိတဲ့ ရုပ်အလောင်းတွေထဲမှာ ကလေးငယ် ၂ ဦးပါဝင်ပြီး သေဆုံးတဲ့အထဲမှာ ကလေးငယ်တွေ များပါတယ်။
ပေါက်တောမြို့နယ် ဆင်တက်မော်ဆိပ်ကမ်းကနေ ထွက်ခွာလာတဲ့ ခရီးသည်တင်ကူးတို့ စက်လှေဟာ မနေ့က မနက် ၉ နာရီကျော်လောက်မှာ စစ်တွေမြို့နယ် သဲချောင်းအဝင်ဝမှာ လှိုင်းလေကြမ်းတာကြောင့် နစ်မြုပ်ခဲ့တာဖြစ် ပါတယ်။
မနေ့ကနစ်မြုပ်သွားတဲ့ စက်လှေဟာ စစ်တွေမြို့နယ် သဲချောင်းရွာနဲ့ ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာ ကို ပြေးဆွဲနေတဲ့ စက်လှေဖြစ်ပြီး စစ်တွေမြို့ကို ဈေးဝယ်ထွက်လာသူတွေနဲ့ မင်္ဂလာဆောင်ကနေ ပြန်လာသူတွေ လိုက်ပါလာတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စက်လှေပေါ်မှာ လိုက်ပါလာသူ အရေအတွက်ဟာ ၅၀ ကနေ ၈၀ လောက်အထိရှိနိုင်ပြီး အတိအကျကို အတည်ပြုပေးနိုင်သူမရှိပါဘူး။ သေဆုံးတဲ့ ရုပ်အလောင်းတွေကို ပင်လယ်ထဲဆင်းပြီး ရှာဖွေဖို့ မတတ်နိုင်တာကြောင့် ကမ်းစပ်ပေါ်ကို လှိုင်းနဲ့ ကပ်လာတွေကိုပဲ အဓိကရှာဖွေနေရတာဖြစ်တယ်လို့ ရှာဖွေကယ်ဆယ်ရေးသမားတွေ က ပြောပါတယ်။
မနေ့က စက်လှေနစ်မြုပ်တဲ့နေရာမှာ နယ်မြေခံရဲတပ်ဖွဲ့ဝင်အချို့က ကူညီကယ်ဆယ်ပေးခဲ့ပေမယ့် ပျောက်ဆုံးနေတဲ့ အလောင်းတွေကို ရှာဖွေဖို့အတွက် အစိုးရရဲ့ အကူအညီကို မရခဲ့ကြဘူးလို့လည်း သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ က ပြောပါတယ်။