အမြန်ရေယာဉ် တိမ်းမှောက်မှု သေဆုံးသူ ၇ ဦးရှိပြီ


2015.11.02
yarzartun-boat-survivors-620.jpg ရာဇာထွန်း အမြန်ရေယာဉ် တိမ်းမှောက်မှုမှာ အသက်ရှင်လွတ်မြောက်လာသူတွေကို နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - ငယ်ထွေး/RFA

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ဂဇတ်ကျေးရွာအနီးက လောင်းဂရိတ်ဝဲမှာ မနေ့က ရာဇာထွန်း အမြန်ရေယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၇ဦးအထိ ရှိနေပြီဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရေနစ်မြုပ်မှုကြောင့် သေဆုံးသူတစ်ဦးကို ထောက်ပံ့ကြေး ၁ သိန်းခွဲနဲ့ အသက်မသေတဲ့သူတွေကိုတော့ ကျပ် ၃ သောင်းစီ ထောက်ပံ့ပေးနေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော် က ပြောပါတယ်။

"ဒီနေ့ ၇ လောင်းတွေ့တယ်၊ ၄ ယောက်ပျောက်နေပါတယ်၊ သေဆုံးသူတွေကိုတော့ ၁ သိန်းခွဲပေါ့နော်၊ အသက်မသေတဲ့သူတွေကိုတော့ ၃ သောင်းနဲ့ အဝတ်အစားတွေ အစားအသောက်တွေ ထောက်ပံ့ပါတယ်၊ ကျန်တဲ့လူတွေကိုလည်း ဆက်ပြီးရှာဖွေဆဲဖြစ်ပါတယ်"

မုံရွာမြို့ကနေ ဟုမ္မလင်းမြို့ကို ပြေးဆွဲနေတဲ့ ရာဇာထွန်းရေယာဉ်ဟာ မနေ့ မနက်ပိုင်းက တိမ်းမှောက်ခဲ့တာပါ။ အဲဒီရေယာဉ်ပေါ်မှာ ခရီးသည် ၆၅ ဦးပါရှိခဲ့ပါတယ်။ လက်ရှိအချိန်အထိ ၅၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၄ ဦး က ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။ အမျိုးသမီး ၇ ဦးရဲ့ အလောင်းကို ရှာဖွေတွေ့ရှိထားပါတယ်။ ထိခိုက် ဒဏ်ရာရရှိသူ ၄ ဦးဟာလည်း ကလေးဝမြို့နယ် ကုတင် ၁ဝဝ ဆေးရုံမှာ ဆေးကုသနေပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ပြီး တပ်မတော်က တာဝန်ရှိ သူတွေ၊ ရဲတပ်ဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကူညီလုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။