ပြည်သူတွေ နေအိမ်ကို မစွန့်ခွာဖို့ မူဆယ်ခရိုင် အုပ်ချုပ်ရေး ဦးစီးဌာန မေတ္တာရပ်ခံ


2016.11.23
muse-refugees-620.jpg ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် မူဆယ်မြို့ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို နိုဝင်ဘာလ ၂၃ ရက်နေ့ကတွေ့ရစဉ်
Photo: Kan Thar/ RFA

ကောလာဟလတွေကြောင့် မူဆယ်ခရိုင်က ပြည်သူတွေအနေနဲ့ နေအိမ်တွေကို မစွန့်ခွာကြဖို့ မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက မေတ္တာရပ်ခံ ပန်ကြားချက်ကို ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။

ထွက်ပေါ်နေတဲ့ ကောလာဟလတွေကြောင့် နေအိမ်စွန့်ခွာမှုတွေဖြစ်နေပြီး လူမရှိတဲ့ နေအိမ်တွေကို ဖောက်ထွင်း တာ၊ ဖျက်ဆီးမီးရှို့တာတွေ ဖြစ်လာနိုင်တဲ့အတွက် အခုလို မေတ္တာရပ်ခံပန်ကြားရတာဖြစ်တယ်လို့ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းက ပြောပါတယ်။

"ကျတော်တို့ မူဆယ်မြို့ပေါ်မှာ ဖြစ်ပွားမှုမရှိဘဲနဲ့ လူတွေကနေပြီးတော့ ကောလာဟလပေါ့ဗျာ၊ ကောလာဟ လတွေကြောင့်မို့လို့ ဒီနေအိမ်စွန့်ခွာပြီးတော့မှာ တိမ်းရှောင်တဲ့သူတွေကများတဲ့ အခါကျတော့ ညပိုင်းမှာ ကျတော့လူတွေကမရှိဘူး အိမ်မှာလူမရှိတဲ့အခါကျတော့ မသမာတဲ့လူတွေကနေပြီးတော့ ဝင်ပြီးတော့ ဖောက် တာတို့၊ ဖျက်ဆီးတာတို့ ပစ္စည်းခိုးယူတာတို့တွေ ဖြစ်စဉ်တွေ ပေါ်ပေါက်လာနိုင်တယ် နောက်ပြီးတော့ နေအိမ် မီးရှို့တာတွေဖြစ်လာနိုင်တဲ့ အနေအထား ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ မေတ္တာရပ်ခံ ပန်ကြားတာပါ၊ မြို့လုံခြုံရေးကလည်း ကျနော်တို့က ပုံမှန်တည်ငြိမ်စပြုနေပါပြီ"

ဒါ့အပြင် မြို့လုံခြုံရေးအတွက် လိုအပ်လာရင် ဌာနဆိုင်ရာတွေအနေနဲ့ တရားဝင်အသိပေးသွားမှာဖြစ်ပြီး လိုအပ်တဲ့ အကူအညီတွေကိုလည်းပေးသွားမှာ ဖြစ်တယ်လို့ ဦးဇော်မင်းက ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူတွေစိုးရိမ်နေတဲ့အတွက် မူဆယ်ခရိုင်အတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရပ်တန့်ဖို့ မူဆယ်ခရိုင် တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို မေတ္တာရပ်ခံပန်ကြားချက် ပေးပို့သွားမယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကစပြီး မူဆယ်ခရိုင်အတွင်းက ပန်ဆိုင်း(ကြူကုတ်)မြို့၊ မုံးကိုးမြို့၊ ကွတ်ခိုင်မြို့နဲ့ ၁၀၅ မိုင် ကျေးရွာတွေမှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ဒေသ ခံပြည်သူတွေက စိုးရိမ်ထိတ်လန့်နေပြီး မူဆယ်မြို့ပေါ်နဲ့ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်ရှောင်ကြတာ ဖြစ် ပါတယ်။

လက်ရှိအချိန်မှာ မူဆယ်ခရိုင်အတွင်း စစ်ဘေးရှောင်ပြည်သူ ၃၇၀၀ ကျော်ရှိနေပြီလို့ မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။