မြောက်ဦးမှာ လက်နက်ကြီးကျ၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ
2019.11.19
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာကို ဒီနေ့မနက် ၁ နာရီခွဲလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာပါ။
ပစ်ခတ်မှုကြောင့် အသက် ၅၀ ကျော်အရွယ် ဒေါ်အောင်ညွန့်စိန်ရဲ့ခြေထောက်မှာ လက်နက်ကြီးအစ ထိမှန်ပြီး ဆေးရုံတင်ထားရတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။
ဒဏ်ရာရသူ ဒေါ်အောင်ညွန့်စိန်ရဲ့သားမက်ဖြစ်သူ ဦးထွန်းစိန်က ဒဏ်ရာကို ခွဲစိတ်ကုသရမှာဖြစ်တယ်လို့ သိရကြောင်း ပြောပါတယ်။
“ပစ်ခတ်သံတွေကြားရတော့ ချွေးမနဲ့သားကို အိမ်ပေါ်ကနေ ခေါ်ချတယ်။ သူတို့ဆင်းလာတော့ ကျွန်တော့် ယောက္ခမက မျက်နှာသစ်ဖို့အတွက် အပြင်ကိုထွက်တယ်။ အဲဒီအချိန်မှာ ခြေထောက်ကို လာမှန်တယ်။ အဲဒီဒဏ်ရာမှာ ကျည်ဆန်စနည်းနည်းရှိနေတယ်လို့ ဓာတ်မှန်ဆရာကပြောတယ်။ ဒါကြောင့်မို့ ဆေးရုံတင် ထားရတယ်”
ထိပ်ဝပြင်ကျေးရွာနဲ့ မျက်နှာချင်းဆိုင် နှစ်မိုင်ခန့်အကွာ လင်းမြွေတောင်မှာ တပ်မတော်ရဲ့ လက်နက်ကြီးစခန်းရှိပြီး ဒီနေ့မနက် ၁ နာရီခွဲလောက်မှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေကြားရပြီးနောက် ရွာထဲကို အခုလို ကျရောက်လာခဲ့တာလို့ဆိုပါတယ်။
လက်နက်ကြီးဟာ အိမ်ရှေ့နား အုန်းပင်ကနေတဆင့် ကျရောက်ပေါက်ကွဲပြီး အဲဒီကနေ လွင့်စဉ်လာတဲ့ အပိုင်းအစထိမှန်သွားတာလို့လည်း ရွာသားတွေက ပြောပါတယ်။
လူတွေက အကုန်လုံး ထိတ်လန့်နေကြရတယ်
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက တပ်မတော်က ပစ်ခတ်ခဲ့တာ မှန်ကန်ကြောင်း အတည်ပြုပါတယ်။
အခုလို ပစ်ခတ်ရတာကလည်း အေအေအဖွဲ့က တပ်မတော်စခန်းကို ရှော့တိုက်ဒုံးနဲ့ တိုက်ခတ်လို့ ပြန်လည် တုံ့ပြန်ခဲ့တာလို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။
“ဒီနေ့မနက် ၄ နာရီလောက်မှာ ထိပ်ဝပြင်ကနေပြီးတော့မှ အေအေက ရှော့တိုက်ဒုံးနဲ့ ကျွန်တော်တို့ လင်းမြွေ တောင်ဘက်ကို လှမ်းပစ်တာရှိတယ်။ စခန်းတစ်ခုပေါ့ဗျာ လှမ်းပစ်တာ။ လှမ်းပစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ပြန်ပစ်တာရှိတယ်။ မှန်မမှန်တော့ ကျွန်တော်လည်းမသိဘူး။ ကျွန်တော်တို့ကို ပစ်တဲ့နေရာကိုတော့ ကျွန်တော်တို့ပြန်ပစ်မှာပဲ”
ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခကတော့ အေအေအဖွဲ့အနေနဲ့ ဒီနေ့မနက်က အဲဒီလိုမျိုး တိုက်ခိုက်တာ မရှိဘူးလို့ တုံ့ပြန်ပါတယ်။
“ကျွန်တော်သိသလောက်ကတော့ အဲဒီမှာတိုက်ပွဲဖြစ်တာမရှိဘူးဗျ။ ကျွန်တော်သိသလောက်ဆိုရင် မနေ့က မနက် ပိုင်းမှာ ဗမာစစ်တပ် ရှိတဲ့ လင်းမြွေတောင်ကနေပြီးတော့မှ တစ်ခါပစ်ရင် ရှစ်လုံးတွဲ ပေါ့နော်။ အဲလိုအတွဲလိုက် ဒုံးတွေနဲ့ နေပြီးတော့ ပစ်ခတ်တဲ့ဥစ္စာတွေ လည်းရှိခဲ့တယ်။ ရန်အောင်ပြင်ရွာရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ တောင်တန်းတွေကို သူတို့ပစ်တာလို့သိရတယ်။ သူတို့ကဒီလိုဗျ ညကျလို့ရှိရင် သူတို့မသင်္ကာလို့ရှိရင်ပစ်တယ်။ လက်နက်ငယ်လည်း ပစ်တယ်၊ လက်နက်ကြီးလည်းပစ်တယ်။ အဲလိုမျိုးပစ်နေတဲ့ ဥစ္စာကတော့ ဒီတစ်ကြိမ် မဟုတ်ဘူး၊ အကြိမ်ပေါင်းများစွာရှိနေပြီ။ မနေ့ညကလည်း ဒီအတိုင်းပဲ သူတို့တစ်ခုခုမသင်္ကာလို့ ပစ်တာ ဖြစ်လိမ့်မယ်။ အဲဒါကြောင့် အဲဒီအမျိုးသမီးထိခိုက်တာဖြစ်နိုင်တယ်”
ဒဏ်ရာရသွားတဲ့ ဒေါ်အောင်ညွန့်စိန်ကိုတော့ တိမ်ညိုတိုက်နယ်ဆေးရုံမှာ ခွဲစိပ်ကုသဖို့ စီစဉ်နေတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထိပ်ဝပြင်ကျေးရွာသားတစ်ဦးက အရပ်သားတွေကို ထိခိုက်အောင် မလုပ်ကြဖို့ တောင်းဆိုချင်ကြောင်းပြောပါတယ်။
“တိုက်ပွဲမရှိဘဲနဲ့လူထုကို အခုလိုမျိုးလှမ်းပစ်တယ်ဆိုတော့ နောက်နောင်မှာလည်း ဒီလိုတိုက်ပွဲမရှိဘဲ လှမ်းမပစ်စေချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက အကုန်လုံးထိတ်လန့်နေကြရတယ်။ ဒါလေးကိုတော့ အတတ်နိုင်ဆုံး ကူညီပေးစေချင်ပါတယ်။ သူတို့မှာတော့ စစ်သားအချင်းချင်းတိုက်ကြပေါ့။ ကျွန်တော်တို့လူထုကို ဦးတည်ချက်ထားတယ်ဆိုတော့ ကျွန်တော်တို့လူထုအနေနဲ့ အလွန်တရာမှ စိတ်မကောင်းဖြစ်ရပါတယ်”
ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း သေနတ်၊ ဗုံးသီး၊ မိုင်း စတာတွေကြောင့် သေဆုံးသူ ၉၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရသူတွေကတော့ ၁၄၀ ဝန်းကျင်အထိရှိနေပြီလို့ ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။