မြောက်ဦးမှာ မိုင်းကြောင့် လူငယ်တစ်ဦး သေဆုံးပြီး လက်နက်ကြီးကြောင့် ကလေးနှစ်ဦး ဒဏ်ရာရ

2022.09.30
မြောက်ဦးမှာ မိုင်းကြောင့် လူငယ်တစ်ဦး သေဆုံးပြီး လက်နက်ကြီးကြောင့် ကလေးနှစ်ဦး ဒဏ်ရာရ ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်မှာ စက်တင်ဘာ ၂၉ ရက်နေ့ မနေ့ညနေပိုင်းက လူငယ်တစ်ဦး မြေမြှုပ်မိုင်း နင်းမိတာကြောင့် သေဆုံးခဲ့သလို မောင်းဆွဲရွာမှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကလေးငယ်နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ဦးမြို့ပေါ်မှာ နေထိုင်တဲ့ အသက် ၁၈ နှစ်အရွယ် မောင်စိုးနိုင်ကျော်ဟာ မနေ့ညနေပိုင်း မြို့ပေါ်က သခွစာတောင်ကို သွားချိန် မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောင် နှစ်ဖက်ပြတ် ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူက အဲဒီမိုင်းနင်းမိတဲ့ သခွစာတောင်နားက ဆီဆိုင်မှာ အလုပ်လုပ်နေတာ။ သခွစာတောင်ဟာ မြောက်ဦး မြို့ထဲပဲ။ အဲဒီတောင်တက်လမ်းကို သူတက်သွားတော့ မိုင်းနင်းမိတာပေါ့။ ခြေထောင်နှစ်ဖက်လုံး ပြတ်သွားတယ်။ ဆေးရုံကို ပို့လိုက်ရတယ်။ ည ၁၁ နာရီလောက်မှာပဲ သေသွားတာ”

မနေ့ညနေပိုင်းမှာပဲ မြောက်ဦးမြို့နယ် မောင်းဆွဲရွာမှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် အသက်သုံးနှစ်အရွယ် မမြင့်မြတ်ခိုင်နဲ့ အသက် ၁၄ နှစ်အရွယ် မခင်မိုးအေးတို့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်းဆွဲရွာနဲ့ နားဒင်ရွာကြားမှာ စစ်ကြောင်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA) က မိုင်းဆွဲ တိုက်ခိုက်ပြီးနောက်ပိုင်း မြောက်ဦးအခြေစိုက် ခမရ (၃၇၈) တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခဲ့တာလို့ မောင်းဆွဲရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“သုံးနာရီကျော်လောက်မှာ မြောက်ဦးဘက်ကနေ စစ်ကြောင်းတစ်ခု တက်လာတယ်။ အဲဒါကို မောင်းဆွဲနဲ့ နားဒင်ရွာကြားမှာ AA က မိုင်းဆွဲလိုက်တာလို့ သိရတယ်။ ကျနော်တို့ကတော့ အသံအကျယ်ကြီး နှစ်ချက်ကြား လိုက်တယ်။ ပြီးရင် ၃၇၈ တပ်ရင်းက လက်နက်ကြီးနဲ့ပစ်တယ်။ ကျနော်တို့ ရွာထဲမှာ နှစ်လုံးကျတယ်။ အဲဒီမှာ ကလေးနှစ်ယောက် ဒဏ်ရာရသွားတာပါ”

အဲဒီ နှစ်ရွာကြားမှာရှိတဲ့ ကြက်ခြံအပါအဝင်၊ ဓာတ်ဆီဆိုင်နဲ့ လူနေအဆောင်အချို့ကိုလည်း စစ်ကောင်စီတပ်က မီးရှို့သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မနေ့ကည ၈ နာရီလောက်အထိ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အနီးအနားမှာရှိတဲ့ မောင်းဆွဲ၊ ကုထိုး၊ သရက်တော စတဲ့ရွာတွေက ဒေသခံသုံးရာကျော် မျောက်ချောင်းရွာဖက်ကို ထွက်ပြေး နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို AA ဘက်ကရော စစ်ကောင်စီဘက်ကပါ တိုက်ပွဲအခြေအနေအတွက် တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကိုလည်း RFA က တယ်လီဖုန်းကတဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

RFA ကသီးခြားပြုစုထားတဲ့ စာရင်းအရ တကျော့ပြန် တိုက်ပွဲနေဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ဇူလိုင်လ ၁၈ ရက်နေ့ကနေ ဒီနေ့အထိ လက်နက်ကြီး၊ မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် အရပ်သား ၁၁ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၃၀ ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။