မြောက်ဦးမြို့မှာ အရပ်သား ကိုးဦးကို စစ်ကောင်စီတပ် ဖမ်းသွားကြောင်း ဒေသခံတွေ ပြော

RFA Burmese
2023.12.25
မြောက်ဦးမြို့မှာ အရပ်သား ကိုးဦးကို စစ်ကောင်စီတပ် ဖမ်းသွားကြောင်း ဒေသခံတွေ ပြော မြောက်ဦးမြို့နယ် ရွာဟောင်းတော ရွာသားများ လက်ပြွတ်ကျေးရွာသို့ ထွက်ပြေးလာသည်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဒီဇင်ဘာလ ၂၄ ရက်မနက်ပိုင်း တိုက်ပွဲဖြစ်ပြီးနောက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ရပ်ကွက်တွေထဲ ပစ်ခတ်ဝင်ရောက်လာပြီး အရပ်သား ကိုးဦးကို ဖမ်းဆီးသွားတယ်လို့ မြောက်ဦး ဒေသခံတွေက ပြောပါတယ်။

မနေ့က နေ့လယ်တစ်နာခွဲခန့်မှာ မြောက်ဦးအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၃၇၇) တပ်ရင်းက အင်အား ခုနစ်ဆယ်ခန့်ဟာ မြောက်ဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ကုလားကန်တောင်ပိုင်းကို ဝင်ရောက်လာပြီး အရပ်သား ခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

အသက် ၂၅ နှစ်အရွယ် ကိုဝေလင်းချေ၊ အသက် ၃၅ နှစ်အရွယ် ဦးမောင်လှဘု၊ အသက် ငါးဆယ်ခန့်အရွယ် ဦးအောင်တင်ရွှေ အပါအဝင် အမည်၊ အသက်မသိရသေးတဲ့ ဒေသခံ သုံးဦး၊ စုစုပေါင်း ခြောက်ဦးကို ဖမ်းဆီးသွားခဲ့တာပါ။

ညနေ ၃ နာရီခန့်မှာလည်း ဗန္ဓုလရပ်ကွက်အတွင်းကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး ဒေသခံ သုံးဦးကို ထပ်မံဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။

အဖမ်းခံရသူအားလုံးရဲ့ နာမည်၊ အသက်တွေကိုတော့ အကုန်ထွက်ပြေးတိမ်းရှောင်နေ ရတာကြောင့် တိတိကျကျ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်ဖော်လိုတဲ့ မြောက်ဦး ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က မွန်းလွဲပိုင်းတွေမှာပဲ အဖမ်းခံရတာ။ သူတို့ (စစ်ကောင်စီ) က ULA အဖွဲ့တွေလည်း မြို့ထဲမှာရှိတယ်လို့ ယူဆတာပေါ့လေ။ သူတို့ မြို့ထဲကို ကင်းလှည့်တဲ့အခါမှာ တိုက်ခိုက်ခံရမှာကြောက်ပြီး အရပ်သားတွေကို လူသားဒိုင်း လုပ်တာပေါ့။ အကုန်ပြေးနေရတော့ တချို့ကတော့ နာမည်တွေ မသိနိုင်သေးဘူး။ ဒီလိုမျိုး တိုက်ပွဲတွေကြားထဲမှာ အရပ်သားပြည်သူတွေကို ဖမ်းဆီးတာတွေကလည်း အရင်ကလည်း တော်တော်များများ ရှိခဲ့တာပေါ့။ ပြည်သူတွေ ကြိုရှောင်သင့်တယ်။ သူတို့က အရပ်သားဆိုပြီး ငဲ့ညှာမှာ မဟုတ်ဘူး”

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ဒီဇင်ဘာလ ၂၄ ရက် ညပိုင်းထုတ်ပြန်ချက်မှာလည်း မြောက်ဦးမြို့က အရပ်သား ကိုးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဖော်ပြထားပါတယ်။

ဒီနေ့မနက်ပိုင်းထိ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ရပ်ကွက်တွေထဲ စစ်ကြောင်းထိုးပြီး အရပ်သားတွေကို ဖမ်းဆီးနေတာကြောင့် စိုးရိမ်နေရပြီး မြို့ထဲမှာနေထိုင်သူ အကုန်နီးပါးလည်း ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၂၄ ရက် မနေ့မနက် ၄ နာရီကစပြီး ငွေတောင်ပေါက်တံတားက ငွေတောင်ပေါက် ရဲစခန်းနဲ့ သူတော်မတောင်စခန်းကို ရက္ခိုင့်တပ်တော် (AA) က ဝင်တိုက်ရာကနေ တိုက်ပွဲဖြစ်နေတာပါ။

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တဲ့အတွက် ဆင်ချဆိပ် ရပ်ကွက်က ပြည်သူသုံးဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူ ငါးဦးထက်မနည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီဇင်ဘာလ ၂၅ ရက် ဒီနေ့မနက်ပိုင်းမှာလည်း ညောင်ပင်ဈေးရပ်ကွက်၊ နန်းရာကုန်းရဲ့ ပထမထပ်မှာတည်ရှိတဲ့ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုပြတိုက်ကို လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။