မြောက်ဦးပြတိုက်ကို တိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်ကြောင်း NUG ပြော

RFA Burmese
2023.12.27
မြောက်ဦးပြတိုက်ကို တိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်ကြောင်း NUG ပြော မြောက်ဦးမြို့၊ နန်းရာကုန်းရှိ ရှေးဟောင်းယဉ်ကျေးမှုပြတိုက် လက်နက်ကြီး ထိမှန်ပျက်စီးပြီးနောက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာရှိတဲ့ ရှေးဟောင်းသုတေသနပြတိုက်က နှစ်ထောင်ချီသက်တမ်းရှိ ကျောက်စာတိုင်တွေနဲ့ ရှေးဟောင်းယဉ်ကျေးမှု လက်ရာတွေ ပျက်စီးသည်အထိ တိုက်ခိုက်ခဲ့တာဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သမိုင်းဆိုင်ရာ ယဉ်ကျေးမှုအရ တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်ပြီး ဒီလိုဖျက်ဆီးမှုတွေ ထပ်မဖြစ်ဖို့နဲ့ ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီတပ်ကို အရေးယူနိုင်ဖို့ ဆောင်ရွက်မယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

စစ်ကောင်စီတော့ မြောက်ဦးပြတိုက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ရက္ခိုင့်တပ်တော် (AA) က မြို့ပေါ်မှာရှိတဲ့ ရဲစခန်းနှစ်ခုကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ပြတိုက်နဲ့ မြို့တွင်း လူနေအိမ်တွေမှာ ကျရောက် ပေါက်ကွဲခဲ့တာလို့ စစ်ကောင်စီပိုင် မီဒီယာတွေကတစ်ဆင့် ဖော်ပြပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ မြောက်ဦးပြတိုက် လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရမှုမှာ ဘီစီ ၆ ရာစု၊ အေဒီ ၄ ရာစု၊ ၁၅ ရာစုတွေမှာ ထင်ရှားခဲ့တဲ့ ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ မြောက်ဦး ခေတ်က အစားထိုးမရနိုင်တဲ့ ကျောက်စာ၊ ရုပ်တု၊ ပန်းကန်ပြားတွေ ထိခိုက်ပျက်စီးသွား တာလို့ ပျက်စီးမှုတွေကို ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။

မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ယူနက်စကို စာရင်းဝင်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကစလို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

ပြည်ပက ကျွမ်းကျင်ပညာရှင်တွေ ငှားရမ်း၊ ကွင်းဆင်းပြုစုပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းအတွက် အဆိုပြုလွှာကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာရှိတဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ် ဗဟိုဌာန (UNESCO World Heritage Center) မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက တင်သွင်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။