မစ္စတာ ဆာဆာကာဝါ မြန်မာပြည်ကတိုက်ပွဲတွေအကြောင်း လာရောက်ဆွေးနွေး

RFA Burmese
2023.12.01
မစ္စတာ ဆာဆာကာဝါ မြန်မာပြည်ကတိုက်ပွဲတွေအကြောင်း လာရောက်ဆွေးနွေး နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်‌နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။
MOI

နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ နေပြည်တော်ကိုလာရောက်တဲ့ သုံးရက်ကြာခရီးစဉ်မှာ စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး မြန်မာပြည်က တိုက်ပွဲတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ဒီဇင်ဘာလ ၁ ရက်နေ့မှာ RFA ကို ပြောပါတယ်။

နိုဝင်ဘာလ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ လာရောက်ခဲ့တာဖြစ်ပြီး တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်နဲ့ ရှမ်းမြောက်ဒေသအကြောင်း ဆွေးနွေးခဲ့တာတွေရှိတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

"အဓိကကတော့ ရှမ်းမြောက်နဲ့ ရခိုင်ကကိစ္စတွေနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ သိထားတယ်။ သို့သော် ဒီဆွေးနွေးမှုက ဘယ်လောက်အတိုင်းအတာအထိ ရှိခဲ့သလဲဆိုတာတော့ ပြောဖို့ခက်တယ်"

မစ္စတာ ဆာဆာကာဝါဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်တချို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ရေးသားကြပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီဘက်ကတော့ နိုဝင်ဘာ ၂၈ ရက်နေ့က မစ္စတာ ဆာဆာကာဝါနဲ့ စစ်ကောင်စီရဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

မစ္စတာ ဆာဆာကာဝါရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မစ္စတာ ဆာဆာကာဝါဟာ ရခိုင်ပြည်နယ်မှာ အပစ်ရပ်ဖို့ နှစ်ကြိမ်တိုင်တိုင် စေ့စပ်ညှိနှိုင်းခဲ့သူဖြစ်တာကြောင့် ဒီတစ်ကြိမ်မှာလည်း မြန်မာနိုင်ငံက ပဋိပက္ခတွေမှာ ကြားဝင်စေ့စပ်ပေးတာမျိုး လုပ်လာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။