ဒေါ်စုနှင့်ဦးအောင်ကြည် ပူးတွဲထုတ်ပြန်ချက် MPU ကြိုဆို
2011.08.13
MPU ရဲ့ ကြေညာချက်မှာ… အတိတ်ကာလက ဆွေးနွေးပွဲတွေဟာ ဟန်ပြသက်သက်ဖြစ်ပြီး အများ မျှော်လင့်တဲ့ ရလဒ်ကောင်းတွေ မမြင်ရဘူးလို့ ရေးသားထားပါတယ်။
မနေ့က ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်ရဲ့ ပူးတွဲကြေညာချက်ပါ အချက် လေးချက်အရ အပြန်အလှန် နားလည်မှုနဲ့ ရလဒ်ကောင်းတွေ ရရှိနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ MPU အဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန်းစန်းက
“လောလောဆယ်မှာ အခု နှစ်ပွင့်ဆိုင် ဆွေးနွေးလို့ရှိရင်တော့ သုံးပွင့်ဆိုင်အတွက် အလားအလာတွေ အများကြီး ရှိနိုင်တယ်။ အဲဒါကြောင့်မို့ ကျမတို့က ထောက်ခံကြိုဆိုလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့ဖခင် ချမှတ်ထားတဲ့ တိုင်းရင်းသားများ လိုချင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စီးပွားရေး နိုင်ငံရေး တန်းတူရည်တူ ရှိမှုနဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ အရမ်း လိုအပ်ပါတယ်။ အဲဒါတွေမှ မရှိဘူးဆိုရင် ကျမတို့ ဗမာပြည်ကြီးရဲ့ အနာဂတ်ဟာ ငြိမ်းချမ်းသာယာမယ်လို့ မပြောနိုင်ပါဘူး။”
ဒါ့အပြင် မြန်မာနိုင်ငံမှာ လတ်တလော ဖြေရှင်းရမယ့် ပြဿနာတွေ ရှိတဲ့အကြောင်း၊ တပြည်လုံး အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်ရန်၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ရန်အပြင် ဧရာဝတီ မြစ်ဆုံရေကာတာ ရပ်ဆိုင်းရေး ကိစ္စတွေဟာ ပထမဆုံး ဖြေရှင်းရမယ့် ပြဿနာတွေ ဖြစ်တယ်လို့ ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ MPU အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။