ပြည်သူတွေ စည်းလုံးညီညွတ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

2022.04.18
ပြည်သူတွေ စည်းလုံးညီညွတ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း ၂၀၁၂ ခုနှစ် ဥရောပခရီးစဉ်အတွင်း တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်
File Photo - AFP

ပြည်သူလူထုအချင်းချင်းကြားမှာ စည်းလုံးညီညွတ်မှုရှိကြဖို့နဲ့ ဆွေးနွေး တိုင်ပင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၁၈ ရက် ဒီကနေ့ တိုက်တွန်းလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက RFA ကိုပြောပါတယ်။

"ပြည်သူလူထုတွေကိုပဲ ညီညီညွတ်ညွတ်ရှိကြဖို့ အချင်းချင်း တိုင်ပင်ဆွေးနွေး အဖြေရှာကြဖို့ ပြောတာပါ။ ဒီစကားဟာ NUG တွေကိုလည်း ပြောတာ မဟုတ်ပါဘူး၊ ဆွေးနွေးအဖြေရှာဖို့ ဆိုတာမှာလည်း စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ ပြောတာ မဟုတ်ပါဘူး၊ ပြည်သူလူထုကိုပဲ ဦးတည်ပြီး အမြင်မတူတာတွေ ဆွေးနွေး တိုင်တိုင်ပင်ပင် ရှိကြဖို့ ပြောတာပါ" လို့ တရားရုံးနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

မြန်မာ နှစ်သစ်ကူး အခါသမယမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို မှာကြားလိုက်တာလည်း ဖြစ်ပါတယ်။

အသက်၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းတဲ့ မနက်အစောပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီး ပုဒ်မ ၁၈ ခုနဲ့ စွပ်စွဲ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

လောလောဆယ် အဲဒီထဲက အမှု ငါးမှုအတွက် ထောင်ခြောက်နှစ် ချမှတ်ခံထားရပြီး၊ ကျန်တဲ့ အမှုတွေအတွက် နေပြည်တော်က အထူးတရားရုံးမှာ အမှုရင်ဆိုင်ရဆဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကောင်းမွန်တယ်လို့ တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။ "ကျန်းမာရေးကတော့ ကောင်းပါတယ်၊ သွားနိုင်လာနိုင် ပြောနိုင်ဆိုနိုင်ပါပဲ"

ဒေါ်အောင်ဆန်းစုကြည်ကို ဦးဖြိုးမင်းသိန်းက ရွှေနဲ့ ဒေါ်လာတွေ ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဒီနေ့ ရုံးထုတ်မှာ နှစ်ဖက်အပြီးသတ် လျှောက်လဲချက်ပေးခဲ့ပါတယ်။ ဒီအမှုကို ဧပြီလ ၂၆ ရက်နေ့မှာ အပြီးသတ် အမိန့်ချဖို့ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Kyaw min
2022-04-19 01:04

Very bad lady.