ဒေါ်အောင်ဆန်းစုကြည်ဖမ်းဆီးခံရမှု မိသားစုက ကုလသမဂ္ဂမှာ တိုင်ကြား

2022.05.25
ဒေါ်အောင်ဆန်းစုကြည်ဖမ်းဆီးခံရမှု မိသားစုက ကုလသမဂ္ဂမှာ တိုင်ကြား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်ကို ၂၀၂၁ ခုနှစ် မေလ ၂၄ ရက်နေ့က စစ်ကောင်စီ၏ တရားခွင်တစ်ခုတွင် တွေ့ရစဉ်။
AFP

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရတဲ့အပေါ် မိသားစုဝင်တွေက ဗုဒ္ဓဟူးနေ့မှာ ကုလသမဂ္ဂကို တိုင်ကြားလိုက်တဲ့အကြောင်း သူတို့ရှေ့နေတွေရဲ့ပြောကြားချက်ကို ကိုးကားပြီး အေအဖ်ပီသတင်းမှာ ဖော်ပြထားပါတယ်။

၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သား အစိုးရကို ဖြုတ်ချခဲ့တာပါ။ အဲ့ဒီကတည်းက အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖမ်းဆီးထားပြီး၊ နှစ်ပေါင်း ၁၅ဝ ကျော်အထိ ထောင်ဒဏ်ကျခံရနိုင်တဲ့ အမှုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒီအခြေအနေကို “တရားစီရင်ရေးစနစ်ပြန်ပေးဆွဲခံရမှု” - အဖြစ် ဖော်ပြထားပြီး၊ လူ့အခွင့်အရေးရှေ့နေတွေဖြစ်တဲ့ Francois Zimeray နဲ့ Jessica Finelle တို့က UNWGAD လို့ခေါ်တဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံရမှုဆိုင်ရာ ကုလသမဂ္ဂအလုပ်အဖွဲ့ရုံးမှာ မိသားစုကိုယ်စား တိုင်ကြားခဲ့တာဖြစ်ပါတယ်။

"သူ့ကိုဖမ်းဆီးမှုဟာ တရားဝင်မှု မရှိသလို၊ ထိန်းသိမ်းထားတာဟာလည်း တရားဥပဒေရဲ့ အခြေခံစည်းမျဉ်းတွေကို ဖောက်ဖျက်ရာရောက်ပြီး၊ အမှုပေါင်းစုံနဲ့ တရားခွင်မှာ ရင်ဆိုင်နေရတာဟာလည်း တရားစီရင်ရေးစနစ်မှာ အခြေခံကျတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်နေတာ ဖြစ်ပါတယ်” - ဆိုတဲ့အကြောင်း တိုင်ကြားစာမှာ ရေးသားထားတယ်လို့ သိရပါတယ်။

“တရားခွင်အဖြစ် ဟန်ဆောင်ထားတဲ့ ပြန်ပေးဆွဲမှု ဖြစ်ပါတယ်။ တရားမျှတမှု လုံးဝမရှိဘဲ အဆက်အသွယ်ဖြတ် ဖမ်းဆီးထားပြီး၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပမ်းနှိပ်စက်ခံနေရတာဟာလည်း လက်ခံနိုင်စရာ မရှိပါဘူး။

အဓိပ္ပါယ်မရှိတဲ့ အမှုစွဲချက်တွေကို ရင်ဆိုင်နေရပြီးနောက် - ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတာပါ။ ဒါပေမဲ့ နောက်ထပ် ၁၇ မှုကိုလည်း ရင်ဆိုင်နေရဆဲမို့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ရင် နောက်ထပ် ထောင်ဒဏ် နှစ် ၁ဝဝ ချမှတ်ခံရမယ့် အလားအလာ ရှိနေတယ်" လို့ ရှေ့နေတွေက ပြောဆိုခဲ့တာပါ။

အရင်စစ်အာဏာရှင်လက်ထက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက သူ့နေအိမ်မှာ နှစ်အတော်ကြာ အကျယ်ချုပ်နဲ့ ဖမ်းဆီးခံခဲ့ရဖူးပါတယ်။

အခုကတော့ နေပြည်တော်က ဘယ်သူမှမသိနိုင်တဲ့ နေရာတစ်ခုမှာ ထိန်းသိမ်းထားပြီး၊ အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ထားပြီး ရုံးချိန်းမတိုင်ခင် အချိန်မျိုးမှာသာ ရှေ့နေတွေနဲ့ ခေတ္တတွေ့ခွင့်ရပါတယ်။

သူ့ဘဝမှာ ၁၅ နှစ်ကြာ လွတ်မြောက်မှုတွေ ဆုံးရှုံးခဲ့ရပြီး မကြာခင်မှာ အသက် ၇၇ နှစ်ပြည့်တော့မယ့် အမျိုးသမီးတစ်ယောက်ကို ချုပ်နှောင်ထားတာဟာ ဘာရည်ရွယ်ချက်ဆိုတာ စဉ်းစားကြည့်ပါ” လို့လည်း လူ့အခွင့်အရေးရှေ့နေတွေဖြစ်တဲ့ Zimeray နဲ့ Finelle မေးခွန်းထုတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။