သမီးလေး ရွာသားများကိစ္စ လွှတ်တော်အမတ် ထပ်ပြီး ဆွေးနွေး
2014.02.23

စစ်တပ်ပိုင်မြေဆိုပြီး အင်အားသုံးဖယ်ရှားခံခဲ့ရတဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီးလေးရွာက ရွာသူရွာသားတွေကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက ဒီနေ့ ထပ်မံလာရောက်တွေ့ဆုံပြီး နေရာချထားရေး ကိစ္စတွေ ဆွေးနွေးသွားပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရွာသားတွေ ယာယီ ခိုလှုံနေတဲ့ အလိုင်နီကျေးရွာ အောင်သိဒ္ဓိကျောင်း တိုက်က ဆရာတော် ဦးအဂ္ဂဓမ္မက ခုလို မိန့်ကြားပါတယ်။
"နေ့လယ် ၂ နာရီလောက်က ဦးလှသန်းကိုယ်တိုင် ထပ်ပြီးတော့လာပါတယ်၊ ထပ်ပြီးတော့ သဘောထားဆန္ဒကို လာယူတာပေါ့လေ၊ တကယ်လို့ သေချာပြီဆိုရင်တော့ သူတို့ဟို မှာမြေကို အင်္ဂါနေ့မှာ ပိုက်ဆံချေပါမယ်တဲ့၊ အခုက ပြည်ခိုင်ဖြိုးက လုပ်တာမဟုတ်ဘူးတဲ့၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ ဘဏ္ဍငွေနဲ့ လုပ်တာပါတဲ့၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရဲ့ စံပြကျေးရွာအဖြစ်ကို လုပ်မှာပေါ့နော်၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကိုယ်တိုင် ဒါကိုချပေးတာပါတဲ့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးရဲ့ အစီအစဉ် မဟုတ်ပါဘူးတဲ့၊ ဟိုရက်လာတုန်းက ကြံ့ခိုင်ရေးရဲ့ အစီအစဉ်နဲ့လုပ်တာ၊ အခုတော့ သူတို့အစီအစဉ် မဟုတ်ပါဘူးတဲ့၊ ရွာနာမည်က ဝါးယားကုန်းရွာနာမည်နဲ့ နေရမယ်တဲ့၊ တစ်ဧကကို ၂၂ သိန်း"
ရွာအဖျက်ခံရတုန်းက ရရာအထုပ်ဆွဲပြီး ပြေးလာကြရတာမို့ ရွာသားတွေက အခက်အခဲများစွာရှိတယ်လို့ ဆရာတော်က မိန့်ပါတယ်။
"ရွာသားအားလုံးနဲ့ တွေ့သွားပါတယ်၊ ရွာသားတွေက ဘယ်လိုမျိုးစီစဉ်ပေးမလဲမေးတော့ အနည်းဆုံးတော့ ဝါးအိမ်လောက်တော့ ဆောက်ပေးမှဖြစ်မှာပေါ့တဲ့၊ ဝါးအိမ်ဆို ဘယ်လောက်ကုန်သလဲလို့ အကြမ်းဖျင်းတွက်လိုက်တာ နှစ်သိန်းလောက်တော့ ကုန်မှာပေါ့နော်၊ ဝါးထရံကာကိုပဲ နှစ်သိန်းလောက်ကုန်တာကိုး၊ အဲလောက်တော့ လိုချင်တယ်တဲ့၊ အထက်ကို တင်ပြပေးပါမယ်တဲ့၊ သူ့ကိုပြောလိုက်တာတော့ မြေဝယ်ပေးဖို့ပဲပြောတာ၊ ဒီအိမ်ဆောက်ပေးဖို့ ဘာမှမပါဘူးပေါ့နော်၊ နှစ်သိန်းခွဲဆိုရင်ကော ကျေနပ်နိုင်မလားပေါ့လေ၊ ဟာကျေနပ်နိုင်ပါတယ်၊ တခါတည်း သဘောထားကို ယူသွားတာပါတဲ့၊ နှစ်သိန်းခွဲနဲ့ ကျေနပ်မယ်ဆိုရင်လည်း ကျနော်ပြောပေးပါမယ်ပေါ့၊ အင်္ဂါနေ့ ပိုက်ဆံချေပြီးတော့ ဒီကြားထဲအကွက်ရိုက်မယ်၊ အကွက်ရိုက်ပြီးတာနဲ့ မတ်လ ၁၇ ရက်နေ့ နောက်ဆုံးမတိုင်မီ သူတို့ ပြောင်းရွေ့နိုင်အောင် ကြိုးစားပါမယ်ပေ့ါ"
နောက်ဆုံးမှာ ရွာသားတွေက နေရာချထားရေး အစီအစဉ်ကို လက်ခံလိုက်တယ်လို့ ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားပါတယ်။ အကွက်ချတဲ့အခါ လမ်းနေရာအတွက် နေရာချန်ရမှာမို့ နဂိုမူလလျာထားတဲ့ ပေ ၄၀ ပေ ၆၀ အပြည့်မဟုတ်တော့ဘဲ ပေ ၄၀ ပေ ၅၀ လောက် ဖြစ်သွားနိုင်တယ်၊ ဒါ့အပြင် နေရာသစ်မှာ ဘဝသစ်ပြန်စရမယ့် ရွာသားတွေဟာ အလုပ်အကိုင်ရရှိဖို့လည်း လိုလိမ့်မယ်လို့ ဆရာတော်က မိန့်ပါတယ်။