ရှမ်းအရှေ့မြောက်က မိုင်းခွဲဖျက်ဆီးမှုတွေနဲ့ ပတ်သက်ပြီး အရေးကြီးအဆိုတင်
2016.11.29

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသမှာ ဖြစ်ပွားနေတဲ့ မိုင်းခွဲဖျက်ဆီးပစ်ခတ်မှုတွေကြောင့် ပြည်သူတွေရဲ့ အသက် အိုးအိမ် သေကြေပျက်စီးနေရတဲ့အတွက် လွှတ်တော်က စိုးရိမ်ကြောင်း အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
အဲဒီအဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက တင်သွင်းတာဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့မြောက်ဒေသမှာ ဖြစ်ပွားနေတာတွေဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာတည်မြဲမှု၊ တရားဥပဒေ စိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိခိုက်စေမှာ စိုးရိမ်မိတယ်လို့ လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
"ပြည်ထောင်စုအစိုးရရဲ့အစဉ်တစိုက်ကြိုးပမ်းခဲ့တဲ့ အမျိုးသားရင်ကြားစေ့ရေးကို အကောင်အထည်ဖော် တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ရဲ့လုပ်ငန်းစဉ်များ နှောင့်နှေး မှုများဖြစ်ပေါ်လာမှာကို ပြည်သူများအနေနဲ့ စိုးရိမ်နေပါတယ်"
သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တို့မှာ KIA ၊ MNDAA နဲ့ TNLA ပူးပေါင်း အဖွဲ့တို့က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မိုင်းထောင်ပြီး ဖျက်ဆီးနေတာတွေကြောင့် ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသလို အသက်သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ပြောခဲ့ပါတယ်။
အဲဒီအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက ထောက်ခံခဲ့ပြီး KIA ၊MNDAA နဲ့TNLA ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်မှုဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်အောင် တမင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တင်ပြခဲ့ပါတယ်။
အဆိုကို လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ အတည်ပြုလိုက်တဲ့အတွက် ပါဝင်ဆွေးနွေးမယ့် လွှတ်တော် ကိုယ်စားလှယ်တွေဟာ မနက်ဖြန်နောက်ဆုံးထားပြီး စာရင်းပေးပို့ရမှာဖြစ်ပါတယ်။