တစ်သျှူးငှက်ပျော ကြပ်မတ်ဖို့ လွှတ်တော်မှာ ဆွေးနွေး


2018.11.29
tissue-banana-622.jpg တစ်သျှူးငှက်ပျော စိုက်ခင်းတစ်ခုကို တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီတွေက တစ်သျှူးငှက်ပျော ကျယ်ကျယ်ပြန့်ပြန့် လာရောက် စိုက်ပျိုးနေတာ၊ ပြည်ပပို့နေတာကို အစိုးရက စနစ်တကျ ကြီးကြပ်ဖို့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးခွန်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးက ဦးဝေလင်းက ဒီနေ့ ကချင်ပြည်နယ်လွှတ်တော်မှာ လာရောက်ဖြေကြား ခဲ့ပါတယ်။

တစ်သျှူး ငှက်ပျောစိုက်ပျိုးမှုကြောင့် ဒေသခံပြည်သူတွေအကြား အငြင်းပွားတာတွေ ဖြစ်နေရတာနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးနော်က မေးမြန်းခဲ့ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက် ၊ဒေါ့ဖုန်းယန် စတဲ့ မြို့နယ်တွေမှာ တရုတ်နိုင်ငံသားတွေ က လာရောက်စိုက်ပျိုးနေတာဖြစ်ပြီး ကန်ပိုင်တီနဲ့ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းကတဆင့် တရုတ်နိုင်ငံသို့ တင်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီတွေက တစ်သျှူး ငှက်ပျော ကျယ်ကျယ်ပြန့်ပြန့် လာရောက်စိုက်ပျိုးနေတာ၊ ပြည်ပပို့နေတာကို အစိုးရက စနစ်တကျ ကြီးကြပ်ဖို့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးခွန်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးက ဦးဝေလင်းက ဒီနေ့ ကချင်ပြည်နယ်လွှတ်တော်မှာ လာရောက်ဖြေကြားခဲ့ပါတယ်။

နေရာအနှံ့မှာ စိုက်ပျိုးနေတဲ့ တစ်သျှူးငှက်ပျောကားတွေကို ကြပ်ကြပ်မတ်မတ် အခွန်ကောက်ခံနိုင်မယ်ဆိုရင် ပြည်နယ်ရဲ့ ဝင်ငွေဟာ အတိုင်းအတာတစ်ခုထိရှိပေမဲ့ ကောက်ခံရရှိတဲ့ ငွေကြေးအတိုင်းအတာထက် ရာသီဥတု ပျက်စီးဆုံးရှုံးမှု ၊ ဒေသခံတွေရဲ့ မြေယာ ခံမြေ ဆုံးရှုံးရမှုတွေက ပိုပြီးများနေတယ်လို့ အင်ဂျန်းယန်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးနော်က RFA ကို ပြောပါတယ်။

"တရုတ်ငှက်ပျောကားတွေကို ကြပ်ကြပ်မတ်မတ် အခွန်ကောက်ခံနိုင်မယ်ဆိုရင် ပြည်နယ်ရဲ့ဝင်ငွေက အတိုင်းအတာတစ်ခုထိတော့ရရှိမယ်။သို့သော် ကောက်ခံရရှိတဲ့ ငွေကြေးအတိုင်းအတာထက် ပြည်နယ်ရဲ့ ရာသီဥတု ပျက်စီးမှု ဆုံးရှုံးမှု ဒေသခံတွေရဲ့ မြေယာ ခြံမြေ ဆုံးရှုံးမှုတွေက ပိုပြီးများတယ်။ ကောက်ခံရတဲ့ငွေကြေးနဲ့ တိုင်းတာလို့မရဘူး ။ဆိုလိုတာက သူတို့ငှက်ပျော စိုက်ပြီဆိုတဲ့နေရာမှာ နောက်သူတို့ ၈နှစ် ၁၀နှစ် စာချုပ်စာတမ်းပြည့်ပြီဆိုပြီးမှ ကိုယ်ကပြန်လုပ်စားမယ်ဆိုရင် ဘာမှ ပြန်လုပ်စားလို့မရတော့ဘူး။ အကုန်လုံးခမ်းခြောက် သွားတဲ့အနေအထားဖြစ်တယ်"

ဒီတစ်သျှူးငှက်ပျော စိုက်ပျိုးတာတွေ၊ ပြည်ပကို တင်ပို့တဲ့ လုပ်ငန်းတွေကို စနစ်တကျ ကြီးကြပ်နိုင်ရေးအတွက် မူဝါဒ တစ်ရပ်ချမှတ်ဖို့ အစီအစဉ် ရှိ မရှိ ဒီနေ့ ကချင်ပြည်နယ် လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ဝိုင်မော်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနော်လီက ကချင်ပြည်နယ် အစိုးရအနေနဲ့ တစ်သျှူးငှက်ပျောစိုက်ခွင့်နဲ့ ပတ်သက်လို့ ဘယ်လို မူဝါဒ သဘောထားရှိပါသလဲလို့ မေးမြန်းခဲ့ပါတယ်။

ပြည်နယ်အစိုးရက တစ်သျှူးငှက်ပျောတွေကို တစ်ဧကမှ စိုက်ပျိုးခွင့် ပြုတာမရှိဘူးလို့ ပြောကြားခဲ့ပေမယ့် အစိုးရကခွင့်မပြုပဲ ကချင်ပြည်နယ်က နေရာအနှံ့အပြားမှာ စိုက်ပျိုးနေတာဟာ ဘယ်လိုကြောင့်လဲဆိုတဲ့ ပြည်သူတွေက မေးလာတဲ့အတွက် လွှတ်တော်မှာ ထပ်မံမေးခွန်းထုတ်ရတာလို့ ဦးဇော်မိုးနော် ကပြောပါတယ်။

ဘဏ္ဍာ၊အခွန်၊စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝေလင်းက အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"စီးပွားရေးနဲ့ ပတ်သက်လာပြီဆိုရင် မည်သူမဆို ဘယ်ကုမ္ပဏီအဖွဲ့အစည်းမဆို တရားဝင်လာပြီးဆောင်ရွက်မယ် ဆိုရင် ငါတို့အနေနဲ့ ခွင့်ပြုပေးရမယ်။ ဒါကိုယ့်ရဲ့ကချင်ပြည်နယ်ရဲ့ ဒေသဖွံ့ဖြိုးရေးနဲ့လည်း ပတ်သက်လာတယ်၊ နိုင်ငံတော်တွက်လည်း အခွန်ခကောက်ခံရရှိသွားမှာဖြစ်တယ်။ဒီ တ်စ်သျှူးငှက်ပျော နဲ့ပတ်သက်ပြီး တကယ် စိုက်ပျိုးတဲ့ ကုမ္ပဏီအားလုံးဟာ ဥပဒေနဲ့ အညီပဲလုပ်၊ အဲဒါဆိုရင် အားလုံးသည် ပြဿနာဆိုတာ မရှိတော့ဘူး။ အရှုပ်ရှင်းဆိုတာ မရှိတော့ဘူး။ အားလုံးအဆင်ပြေသွားမယ်။ ဘဏ္ဍာ၊အခွန်၊စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဌာနကတော့ ငွေကြေးအခွန်ခတွေကို စနစ်တကျကောက်ခံသွားမှာပဲ"

ဒါ့ပြင် တချို့ တရားမဝင် တစ်သျှူးငှက်ပျောစိုက်ပျိုးမှုတွေ ပြုလုပ်နေတဲ့ ကုမ္ပဏီတွေကို တရားဝင်မှတ်ပုံတင်ရန်နဲ့ ရင်းနှီးမြှုပ်နှံမှု အတွက် မှတ်ပုံတင်ဖို့ အကြောင်းကြားပေးပို့ထားပြီး မြေနဲ့ပတ်သက်ပြီးမှလည်း သက်ဆိုင်ရာ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနက အချိန်နဲ့တပြေးညီ ကွင်းဆင်းစစ်ဆေးသွားမှာဖြစ်တယ်လို့လည်း ဝန်ကြီး ဦးဝေလင်းက ပြောပါတယ်။

တစ်သျှူးငှက်ပျောစိုက်ခွင့် ဆက်လက်ခွင့်ပြုထားမယ်ဆိုရင် ဒေသခံ တွေရဲ့ စားဝတ်နေရေးနဲ့ မီးရိုးဖလာ လုပ်ငန်းတွေ အကျပ်အတည်း တွေ့သွားမှာဖြစ်ပြီး ရာသီဥတု၊ မြေခံ၊ ရေခံတွေနဲ့ ကုန်းနေ၊ ရေနေ သတ္တဝါတွေ ပြုန်းတီးသွားမယ့် အခြေအနေရှိတဲ့အတွက် အစိုးရအနေနဲ့ တားဆီးမှုတွေပြုလုပ်ဖို့ လိုတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးနော် ကပြောပါတယ်။

"အခု ဒီအင်းတွေ အစိုဓာတ်က အကုန်ခမ်းသွားတယ်။ သူတို့ထည့်တဲ့မြေသြဇာက အနက်ကြီးမှာထည့်တာ။ ၃ပေ အနက်မှာထည့်တယ်။ အဲခါကျတော့ စိုက်တဲ့ငှက်ပျောလည်း ရေစုပ်တယ်။ ထည့်တဲ့မြေသြဇာက သဘာဝဓာတ်ကို အကုန်လုံးစုပ်ယူသွားတယ်။ အဲတော့ သူတို့ ၄ ၊၅ နှစ်စိုက်ပြီဆိုလို့ရှိရင် အဲဒီနေရာမှာ စိမ်းလန်းတဲ့ အပြင်တွေ မပေါက်တော့ဘူး အဲဒါကိုတွေ့ရတယ်"

တစ်သျှူး ငှက်ပျောတင်ပို့ရောင်းချခြင်းအတွက် ၂၀၁၄ ခုနှစ်မှာ ငွေကျပ် ၂၃ သန်း၊ ၂၀၁၅ မှာ ငွေကျပ် ၈၁ သန်း၊ ၂၀၁၆ ခုနှစ်မှာ ၆၃၈ သန်း၊ ၂၀၁၇ မှာ ၃၂၉ သန်း နဲ့ ၂၀၁၈ အောက်တိုဘာလကုန်ထိ စုစုပေါင်း ငွေကျပ် သန်း ၅၃၀၀ ကျော် ကောက်ခံရရှိထားတယ်လို့ ဘဏ္ဍာ၊အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန စာရင်းအချက် အလက်တွေအရ သိရပါတယ် ရှင်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ က ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။