မုံရွာခရိုင်က စစ်ဘေးဒုက္ခသည် နှစ်ထောင်ခန့် အကူအညီလိုနေ

RFA Burmese
2025.03.05
မုံရွာခရိုင်က စစ်ဘေးဒုက္ခသည် နှစ်ထောင်ခန့် အကူအညီလိုနေ စစ်ကိုင်းတိုင်း မုံရွာခရိုင်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်။
မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး ဓာတ်ပုံ

စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း မုံရွာခရိုင် မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ် ရွာဆယ်ရွာခန့်က ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ တိမ်းရှောင်နေရတာ ရက်ကြာလာတဲ့အတွက် စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက မတ်လ ၅ ရက်နေ့မှာ ပြောပါတယ်။

မုံရွာမြို့နယ် အလုံ၊ ကန်သာယာ၊ ဗောဓိတစ်ထောင်နဲ့ ချောင်းဦးမြို့နယ် ခင်မွန်၊ မအူစတဲ့ ရွာဆယ်ရွာခန့်က ဒေသခံတွေဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကတည်းက ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

သူတို့ဟာ ချင်းတွင်းမြစ်အနီးက ရွာတွေနဲ့ တောင်ယာတွေအထဲမှာ တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူ တစ်ဦးက RFA ကို ပြောပါတယ်။

"ရက်ရှည်လာတော့ စားနပ်ရိက္ခာပြတ်လပ်လာတာပေါ့။ နွေကလည်းဝင်ပြီဆိုတော့ သစ်ရိပ်ဝါးရိပ်မရှိတဲ့ နေရာမှာ ပုန်းခိုနေကြရတော့ လူတွေလည်း အတော်သနားစရာကောင်းတယ်။ အိမ်ကထွက်လာတော့ ခဏပဲဆိုပြီး လာကြတာ။ နှစ်ရက်သုံးရက်စာပဲ ရိက္ခာပါလာတာ။ အခုအကုန် ပြတ်ကုန်ကြတာပေါ့နော်"

လက်ရှိ တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ် စိုးရိမ်ရတာကြောင့် နေရပ်မပြန်နိုင်သေးတာ သူက ပြောပါတယ်။

ချောင်းဦးမြို့နယ်က စစ်ကောင်စီတပ်စခန်း စိုက်ထားတဲ့ ကင်းမွန်တော်ရွာကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး နောက်ပိုင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ တိုးလုပ်လာတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် တိုးလာနေပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်တွင်း နေရပ်စွန့်ခွာရသူ သုံးသန်းခွဲကျော် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။