မုံရွာမြို့နယ် မုံရွေးရွာမှာ အရပ်သားတစ်ဦး အသတ်ခံရ

RFA Burmese
2023.10.18
မုံရွာမြို့နယ် မုံရွေးရွာမှာ အရပ်သားတစ်ဦး အသတ်ခံရ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွေးရွာတွင် ကြေးမုံ သပိတ်စစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်းက ဆန္ဒပြခဲ့စဉ်။
Photo: RFA

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွေးရွာကို အောက်တိုဘာလ ၁၇ ရက်မနေ့က စစ်ကောင်စီတပ်သားနဲ့ တောပုရွာ ပျူစောထီးပူးပေါင်းအဖွဲ့ ဝင်ရောက်လာပြီး အသက် ၄၀ အရွယ် ဒေသခံ တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ မုံရွာ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ ကြေးမုံရွာဇာတိ ကိုနေမျိုးအောင်ဆိုသူဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ တောပုရွာ ပျူစောထီး ပူးပေါင်းအဖွဲ့တွေ ကြေးမုံရွာထဲ ဝင်လာချိန် ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံက RFA ကို ပြောပါတယ်။

“ကြေးမုံရွာထဲကို စစ်တပ်နဲ့ ပျူစောထီးအဖွဲ့က ဝင်လာတာ။ အင်အား သုံးဆယ်လောက် ပါတယ်။ ကိုနေမျိုးအောင်က ကြေးမုံရွာ ဘုန်းကြီးကျောင်းထဲ ထန်းလက်မိုးနေရင်း သူ့မိသားစုဆီ အခြေအနေသွားကြည့်တာ။ လမ်းမှာအဖမ်းခံရပြီး မုံရွေးရွာဘက်ကို ခေါ်သွားပြီးမှ အသတ်ခံရတာ”

ကိုနေမျိုးအောင် ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ အခြေချနေရာကို လိုက်ပြခိုင်းခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီလိုလိုက်ပြခိုင်းအပြီး မုံရွေးရွာ စာကြည့်တိုက်အနီးမှာ ဦးခေါင်းသေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ကိုနေမျိုးအောင်ရဲ့ ရုပ်အလောင်းကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာတော့ သေဆုံးသူ ကိုနေမျိုးအောင်ဟာ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လက်လုပ်မိုင်းတွေနဲ့ အသေဖမ်းဆီးရမိခဲ့တယ် လို့ ဖော်ပြပါတယ်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း မုံရွာမြို့နယ်၊ ကျပိုင်ရွာမှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် ကိုရဲနိုင်ဆိုသူကို တောပုရွာပျူစောထီးအဖွဲ့က သတ်ဖြတ်ခဲ့တယ်လို့ မုံရွာ - အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး တာဝန်ခံက RFA ကို ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် သေဆုံးတဲ့အရပ်သား ၄၁၄၉ ဦးအထိရှိလာပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။