ပခုက္ကူမှာ ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ပိတ်ပင်ခံရ
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ နိုဝင်ဘာလ ၂၄ ရက် မနေ့ကစပြီး ညနေ ၆ နာရီကနေ မနက် ၈ နာရီအတွင်း ဆိုင်ကယ်စီးနင်းခွင့်ကို စစ်ကောင်စီရဲ့ ပခုက္ကူမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ပိတ်ပင်လိုက်တယ်လို့ မြို့ခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
စစ်ကောင်စီရဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာက ဆိုင်ကယ်စီးနင်းခွင့်တွေကို ပိတ်ပင်လိုက်တာကြောင့် သာရေးနာရေးနဲ့ ကျန်းမာရေးကိစ္စကအစ အခက်အခဲဖြစ် သွားပြီလို့ ပခုက္ကူမြို့ခံတစ်ဦးက ပြောပါတယ်။
"သွားရေးလာရေးနဲ့ အလုပ်အကိုင်တွေ ခက်ခဲတာပေါ့ဗျာ။ ဆိုင်ကယ်ပဲ အဓိကထား သုံးနေရတာဆိုတော့။ အဓိက ဆိုင်ကယ်တွေ အခုတောင် မိန်းလမ်းမတွေပေါ် ကားကလွဲ အသွားအလာ မရှိဘူး။ အခက်အခဲက ကျန်းမာရေးကအစ အစစအရာရာပေါ့။ သွားရ လာရတာတွေ မလွယ်ဘူး။ ခြေလျင်သွားရမယ့် ပုံစံပဲ"
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပခုက္ကူမြို့က စစ်မှုထမ်းဟောင်း ကိုရဲတင့်နဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ အမှတ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုမြင့်သိန်းတို့ကို ပခုက္ကူအခြေစိုက် Earthquake PDF အမျိုးသမီးအဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
အဲဒါကြောင့် လက်ရှိအချိန် နေ့ဘက်တွေမှာ အမျိုးသမီးတွေပါ ဆိုင်ကယ် နှစ်ယောက် စီးနင်းခွင့် မရှိတော့ဘူးလို့ ပြောပါတယ်။
ဒီနေ့မှာတော့ ပခုက္ကူမြို့အနီးက မြစ်ခြေမြို့အတွင်းမှာလည်း စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ်စီးနင်းတာနဲ့ ပတ်သက်ပြီး မြို့အတွင်းမှာ လိုက်လံကြေညာနေတယ်လို့ ပြောပါတယ်။
နိုဝင်ဘာလ ၂၄ ရက်နေ့ ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ဘဏ်တွေ၊ စီးပွားရေး အဆောက်အအုံနဲ့ ဌာနဆိုင်ရာ အဆောက်အအုံတွေကို ဆိုင်ကယ်စီးနင်းပြီး ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေလို့ ပိတ်ပင်လိုက်ရတယ်လို့ ဖော်ပြထားပါတယ်။
ပခုက္ကူမြိုနယ် အထွေထွေအုပ်ချုပ်ရေး ဦးစီဌာန ထုတ်ပြန်ချက်အရ မနက် ၈ နာရီကနေ ၆ နာရီအတွင်း ဆိုင်ကယ်စီးရင်လည်း တစ်ဦးတည်းသာ စီးနင်းရမှာဖြစ်ပြီး ဒီအမိန့်က ရက်ပေါင်း ၆၀ အတွင်း အတည်ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။