သာကေတမှာ အစ္စလာမ်စာသင်ကျောင်း ၂ ကျောင်း ချိတ်ပိတ်


2017.04.28
tharkata-muslim-school-620.jpg ရန်ကုန်တိုင်း သာကေတမြို့နယ် အနော်မာရပ်ကွက်ထဲက ဗလီ ၂ ခုကို ဧပြီလ ၂၈ ရက်က ချိတ်ပိတ်ထားတာကို တွေ့ရစဉ်
Photo: Htet Arkar/RFA

ရန်ကုန်တိုင်း သာကေတမြို့နယ် အနော်မာရပ်ကွက်ထဲက အစ္စလာမ်ဘာသာ စာသင်ကျောင်း နှစ်ကျောင်းမှာ ခွင့်ပြုချက်မရှိဘဲ ဝတ်ပြုနေတဲ့အတွက် ပိတ်ပေးရန် မျိုးချစ်ကွန်ယက်ဆိုတဲ့ အဖွဲ့တစ်ခုက မော်တော်ကား အမြောက်အများနဲ့ မနေ့ညနေပိုင်းက ရောက်လာပြီး အုပ်ချုပ်ရေးရုံးမှာ ဝိုင်းဝန်းတောင်းဆိုခဲ့ကြတဲ့အတွက် တာဝန်ရှိသူတွေက ချိပ်ပိတ်ပေးလိုက်တယ်လို့ သိရပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ တိုင်ပင်ပြီးနောက် အဲဒီကျောင်းတွေကို ချိတ်ပိတ်ဖို့ ဆုံးဖြတ်ခဲ့ တယ်လို့ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနဲ့ အခင်းဖြစ်ပွားရာကို လိုက်ပါသွားခဲ့တဲ့ သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုကျော်ဇင်ဦး က RFA ကိုပြောပါတယ်။

"မြို့နယ်အုပ်ချုပ်ရေးမှူးကိုလှမ်းခေါ် ကျနော်တို့ အရောက်သွားတယ်ပေါ့၊ ရောက်သွားတော့ အဲဒီမှာ အခြေအနေက ရုံးထဲမှာတော်တော်ကြပ်ပြီးတော့ ဖြေရှင်းနေကြတယ်၊ မြို့နယ်သံဃမဟာနာယက ဆရာတော်တွေနဲ့ ဟိုဘက်ကပါလာတဲ့ဘုန်းကြီးတွေနဲ့ အခြေအတင်ပြောနေတယ်ပေါ့၊ ပြီးတော့ ဒီကျောင်းကို ချိတ်ပိတ်ပေးဖို့ သူတို့တောင်းဆိုနေတယ်ပေါ့နော်၊ အဲဒီလို တောင်းဆိုပြီးနောက်ပိုင်း ကျတော့ ခရိုင်အုပ်ချုပ်ရေးမှူးရယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရယ်၊ ရဲတပ်ဖွဲ့တွေရယ် သူတို့တိုင်ပင်ကြ တယ်၊ နောက်ကျတော့ အဲဒီကျောင်း ၂ ကျောင်းကို ယာယီချိတ်ပိတ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ဆုံးဖြတ် ပြီးတော့ သော့ခတ်လိုက်တယ်၊ သော့ခတ်ပြီးတဲ့နောက်မှာ တိုင်တန်းတဲ့အဖွဲ့တွေ စုဝေးလိုက်တယ်၊ ၆ နာရီခွဲလောက်မှာပါ"

အဲဒီလို ကားအစီး ၃ဝ ခန့်နဲ့ လာရောက်ခဲ့သူတွေထဲမှာ သံဃာတော်တွေလည်း ပါဝင်ကြောင်းနဲ့ အဓိကရုဏ်း တစ်စုံတရာဖြစ်ခဲ့ခြင်းတော့ မရှိဘူးလို့ သိရပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုကျော်ဇင်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။