အာရဗီကျောင်း ၂ ကျောင်း ပြန်ဖွင့် မယ့်အချိန် မပြောနိုင်သေး
2017.05.01

ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်မှာရှိတဲ့ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းနှစ်ကျောင်း ချိပ်ပိတ်ခံရတဲ့ ဖြစ်စဉ်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆောင်ရွက်တာမဟုတ်ဘဲ တိုင်းဒေသကြီး အစိုးရက ဆောင်ရွက်တာဖြစ်တယ်လို့ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်း ကပြောပါတယ်။
ဒါကြောင့် အဲဒီစာသင်ကျောင်း ၂ ကျောင်းကို ဘယ်အချိန်မှာ ပြန်ဖွင့်နိုင်မလဲဆိုတာကို သာသနာရေးဝန်ကြီးဌာနအနေ နဲ့ ပြောနိုင်ခြင်းမရှိဘူးလို့ ဦးအောင်ဆန်းဝင်းက ပြောပါတယ်။
"မရှိပါဘူးခင်ဗျ။ ကျနော်တို့ဆီက ဆောင်ရွက်တာ မဟုတ်ပါဘူးခင်ဗျ။ ဒါက တိုင်းဒေသကြီးအစိုးရက ဆောင်ရွက်သွားတာဖြစ်ပါတယ်"
ရန်ကုန်တိုင်း သာကေတမြို့နယ် အနော်မာရပ်ကွက်မှာရှိတဲ့ အာရဗီစာသင်ကျောင်း ၂ ကျောင်းကို ပြီးခဲ့တဲ့ဧပြီလ ၂၈ ရက်နေ့မှာ သံဃာတော်တချို့ပါဝင်တဲ့ “မျိုးချစ်ကွန်ယက်” ဆိုတဲ့အဖွဲ့ရဲ့ ဖိအားပေးမှုကြောင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့၊ ရဲတပ်ဖွဲ့တို့က ချိပ်ပိတ်ခဲ့တာပါ။
အဲဒီ ကိစ္စနဲ့ ပတ်သတ်ပြီး ဖေ့စ်ဘွတ် အကောင့်တချို့က အထင်အမြင်လွဲမှားအောင် ရေးသားဖော်ပြချက်တွေဟာ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ ဖြစ်လာနိုင်တဲ့အတွက် လိုအပ်ပါက ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့လည်း သာသနာရေးနှင့် ယဉ်ကျေးမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့်ဝန်ကြီးဌာနက ဝေဖန်ပြောကြားခြင်းမလုပ်ခဲ့ပေမယ့် တချို့လူမှုကွန်ယက်စာမျက်နှာမှာ ဝန်ကြီးဌာနကို အထင်အမြင်လွဲမှားအောင် ရေးသားဖော်ပြနေတယ်လို့ ပါရှိပါတယ်။
ဒီလိုရေးသားဖော်ပြနေတာတွေကြောင့် ဘာသာရေး၊ လူမျိုးရေး အထင်အမြင်လွဲမှားမှုနှင့် ပဋိပက္ခများဖြစ်ပွား လာနိုင်ပြီး တရားဥပဒေ စိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး၊ လုံခြုံရေးတို့ကို ထိခိုက်လာနိုင်တဲ့အတွက် လိုအပ်ပါက ဥပဒေအရ အရေးယူဖို့ စီစဉ်ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။