သာကေတမှာ အစ္စလာမ် စာသင်ကျောင်း ၂ ကျောင်း ချိတ်ပိတ်
2017.04.28

ရန်ကုန်မြို့၊ သာကေတမြို့နယ် အနော်မာ ၁ ရပ်ကွက်မှာရှိတဲ့ အစ္စလာမ်ဘာသာရေး ကျောင်း ၂ ကျောင်းကို ပိတ်ပေးဖို့ အမျိုးသားရေး လှုပ်ရှားသူတွေက ဖိအားပေးတဲ့အတွက် အာဏာပိုင်တွေက ဒီကနေ့ညနေပိုင်းက ချိတ်ပိတ်လိုက်ပါတယ်။
အပြစ်မရှိပေမယ့် ပြဿနာ ပိုမိုကြီးထွားအောင် ယာယီပိတ်သိမ်းတာဆိုပြီး အာဏာပိုင်တွေက ပြောတယ်လို့ အနော်မာ ၁၂ လမ်းက ပိတ်သိမ်းခံရတဲ့ ဘာသာရေး ကျောင်းရဲ့ ဥက္ကဌ ဦးတင်ရွှေက ပြောပါတယ်။
"မယကဦးစီးရယ်၊ သာသနာရေးဦးစီးရယ် ၂ ယောက်က လာပါတယ်၊ ရဲမှူးတွေပါပါတယ်၊ ခင်ဗျားတို့ ဘာကြောင့်ပိတ်တာလဲ၊ ကျနော်တို့မှာ တရားဝင် စာရွက်စာတမ်းရှိတယ်၊ ကျနော်တို့မှာ အပြစ်ရှိလို့လား ဒါ ခင်ဗျားတို့ ချိတ်ပိတ်တယ်ဆိုတာ အပြစ်ရှိလို့ အရေးယူတာပါပြောတော့ မဟုတ်ဘူးဆိုပြီးတော့ ဦးစီးကရော သာသနာရေးဦးစီး ပါးစပ်ကရော မယကဦးစီးကရော ဒီကိစ္စ ပြဿနာကြီးထွားသွားမှာစိုးလို့ ယာယီထိန်းသိမ်း ထားပါတယ်ဆိုတဲ့ ကျနော်တို့ကို ပြောပါတယ်"
သာကေတမြို့နယ်၊ အနော်မာ ၁၁ လမ်းနဲ့ ၁၂ လမ်းမှာ ရှိတဲ့ အစ္စလာမ် ဘာသာရေး ကျောင်း ၂ ခုမှာ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုတဲ့အတွက် ပိတ်ပေးဖို့ဆိုပြီး အမျိုးသားရေး လှုပ်ရှားသူ ၁၅ဝ လောက်က ဒီကနေ့ ညနေပိုင်းက ဖိအားပေးခဲ့တာဖြစ်ပါတယ်။
အဲဒီလိုဖိအားပေးတဲ့အတွက် ဘာသာရေးကျောင်းတွေက တာဝန်ရှိသူတွေနဲ့ အမျိုးသားရေး လှုပ်ရှားသူတွေ၊ သက်ဆိုင်ရာအာဏာပိုင်တွေ ဆွေးနွေးခဲ့အပြီးမှာ အခုလို ချိတ်ပိတ်လိုက်တာ ဖြစ်ပါတယ်။
အဲဒီလို ဖိအားပေးသူတွေဟာ ရပ်ကွက်မှာ နေထိုင်သူတွေမဟုတ်ကြောင်းနဲ့ ရပ်ကွက်က ဌာနေ ဗုဒ္ဓဘာသာ ဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေကြားမှာ သင့်မြတ်မှုရှိကြောင်း ဦးတင်ရွှေက ပြောပါတယ်။
အပိတ်ခံရတဲ့ အနော်မာ ၁၂ လမ်း အစ္စလာမ်ဘာသာရေးကျောင်းက ဥက္ကဌ ဦးတင်ရွှေ ကို RFA သတင်းထောက် ကိုကျော်ဇောဝင်း က တွေ့ဆုံမေးမြန်းထားပါတယ်။