ကရင်ပြည်နယ်မှာ မတ်လအတွင်း တိုက်ပွဲပေါင်း ၅၀၀ ကျော် ဖြစ်ပွား

ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ ကော်သူးလေနယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့ မတ်လ တစ်လအတွင်း နေ့စဉ်တိုက်ပွဲတွေဖြစ်ခဲ့ပြီး တိုက်ပွဲပေါင်း ၅၁၀ ဖြစ်ပွားခဲ့တယ်လို့ KNU က ဧပြီ ၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
မတ်လထဲမှာ တပ်မဟာ ၆ က တိုက်ပွဲတွေထဲ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ထိခိုက်သေဆုံးတာ တွေလည်း များခဲ့တယ်လို့ KNU ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။
“မတ်လအတွင်း ဖြစ်သမျှတိုက်ပွဲတွေက တပ်မဟာ ၆ တစ်ခုတည်းမှာပဲ သူတို့ဘက်က အသေ ဒဏ်ရာရတာ ၁၀၀ ကျော်တယ်။ အကြီးအကျယ်ဆုံးက မောခီးစခန်း ကျသွား တာပဲ။ ရလိုက်တဲ့ လက်နက်၊ ရိက္ခာတွေက နည်းတာမဟုတ်ဘူး။ အဲဒီနေ့က လေတပ် ရောက်မလာတော့ သူတို့ စိတ်ဓါတ်ကျသွားပြီ။ လွန်ခဲ့တဲ့ နှစ် ၂၀ ၊ ၃၀ က ဗမာ စစ်တပ်နဲ့ မတူတော့ဘူး။ အရင်က ရိက္ခာပုံပေးထားလို့ကတော့ စခန်းထဲမှာ တစ်ယောက်ပဲကျန်တဲ့ အထိ ခံချတာ။ ဒါမျိုးကတော့ အခု မရှိတော့ဘူး”
တိုက်ပွဲတွေကြားထဲ လက်နက်ကြီးတွေ၊ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရလို့ အပြစ်မဲ့ပြည်သူ ၂၅ ဦး သေဆုံးကာ ၃၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန် ထားပါတယ်။
ညောင်လေးပင်၊ မူတြော်နဲ့ ဒူးပလာယာခရိုင် နယ်မြေတွေမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ရှစ်ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ RFA က သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင် စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။
ကရင်ပြည်နယ်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်မှု အရေအတွက်နဲ့ ပတ်သက်ပြီး ယခင်က KNU ရဲ့ ထုတ်ပြန်ချက်တွေကိုတော့ စစ်ကောင်စီဘက်က ငြင်းဆို ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်က ကော့ကရိတ်ခရိုင်၊ ဖေဖော်ဝါရီ ၇ ရက်က သထုံခရိုင် နဲ့ ဇန်နဝါရီ ၂၉ ရက်က ဖာပွန်ခရိုင် စတဲ့ ဒေသတွေက စစ်ကောင်စီလက်အောက်ခံ ဌာန ဆိုင်ရာဝန်ထမ်းတွေ ရာထူးတာဝန်ကနေ နုတ်ထွက်ကြဖို့ သတိပေးကြေညာချက်တွေကို KNU ရဲ့ သက်ဆိုင်ရာနယ်မြေအလိုက် ထုတ်ပြန်ခဲ့ပြီးတဲ့ နောက်ပိုင်း စစ်ကောင်စီတပ် တွေက ထိုးစစ်တွေ ဆင်လာတာပါ။
ဖာပွန်ခရိုင် KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲမှာလည်း မတ်လ တစ်လအတွင်း တိုက်ပွဲပေါင်း ၃၅၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး တစ်ဦး အပါ အဝင် ၁၁၈ ဦး သေဆုံးခဲ့တယ်လို့ KNU - မူတြော် သတင်းစဉ်က ပြီးခဲ့တဲ့ ဧပြီ ၂ ရက်က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် KNU ရဲ့ ကော်သူးလေ အုပ်ချုပ် နယ်မြေအတွင်း ဒေသခံ တစ်သိန်း (၁၀၀,၀၀၀) ကျော် နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။