လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၄ဝဝ ကျော် ထိုင်းကနေ နေရပ်ပြန်ပို့ဖို့ ဆန္ဒပြ

လုဆိုင်း
2021.01.25
လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၄ဝဝ ကျော် ထိုင်းကနေ နေရပ်ပြန်ပို့ဖို့ ဆန္ဒပြ ရနောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ပြစ်ဒဏ်ကျခံနေရာက လွတ်ရက်စေ့သွားတဲ့ မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ပေးဖို့ ၂ဝ၂၁ ဇန်နဝါရီ ၂၅ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြစဉ်။
Photo: Citizen Journalist

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသား ၄၀၀ ကျော် ပြစ်ဒဏ်ကျခံနေရာက လွတ်ရက်စေ့မြောက်သွားပေမယ့် နေရပ်မပြန်နိုင်လို့ မနေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ဒီလို ဆန္ဒပြတောင်းဆိုခဲ့တဲ့အပေါ် မြန်မာသံအရာရှိနဲ့ ထိုင်းအာဏာပိုင်တွေက တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းပေးခဲ့ပါတယ်။

လွတ်ရက်စေ့ပေမယ့် ပြန်မပို့ပေးတဲ့အတွက် စခန်းထဲ ဆူပူမှုဖြစ်ပွားတာလို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (FED) က အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။ ရနောင်းနယ်စပ် လဝက အချုပ်မှာ လာစုရ ပြီး ပြန်ဖို့စောင့်နေတာရက်ကြာလာတဲ့အခါ ပေါက်ကွဲလာတယ်လို့ ပြောပါတယ်။ အဲဒီနောက် ရုန်းရင်းဆန်ခတ်ဖြစ် ဆန္ဒတွေ ပြကြတာကြောင့် ထိုင်းဘက်က ရဲနဲ့ စစ်သား ၁၀၀ ကျော်လောက်လာပြီး ၁၀ နာရီလောက်မှာ သံအမတ်ကြီးနဲ့ သံအရာရှိကို အကြောင်းကြားတယ်လို့ ဦးမင်းဦးက ပြောပါတယ်။

ကိုဗစ်မဖြစ်ခင်မှာ ထိန်းသိမ်းရေးစခန်းက အကျဉ်းသားတွေကို တပတ် နှစ်ကြိမ် မြန်မာဘက်ခြမ်း ကော့သောင်းကို ပို့ဆောင်ပေးခဲ့ပေမယ့် ကိုဗစ်ကာလမှာ အကန့်အသတ်တွေကြောင့် ပုံမှန် မပို့နိုင်ဘူးလို့လည်း ပြောပါတယ်။

ဒီဆန္ဒပြတောင်းဆိုတာနဲ့ ပတ်သက်လို့ မြန်မာသံအရာရှိ ဦးထက်ဝေဖြိုးက ရနောင်းခရိုင် အုပ်ချုပ်ရေးမှူး၊ လဝက၊ လူကုန်ကူးတားဆီးရေး၊ ရဲတပ်ဖွဲ့တွေနဲ့ တွေ့ဆုံပြီး မကြာခင် ရက်ပိုင်းမှာ နေရပ်ပြန်ပို့ရေး ညှိနှိုင်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံကို အသုတ်လိုက် ပြန်ပို့နိုင်ရေးကိစ္စအတွက် ရက်အတိအကျ ဒီနေ့သိနိုင်မယ်လို့လည်း ဦးထက်ဝေဖြိုးက ပြောပါတယ်။

ထိုင်းမှာ ကိုဗစ်အရေးပေါ်ကာလ အကန့်အသတ်တွေ ရှိတဲ့အပြင် ဇန်နဝါရီလ ၂၃ ရက်နေ့တုန်းက မြန်မာအလုပ်သမား ၉၈ ဦးကို ကော့သောင်းဘက် ပို့လိုက်ပေမဲ့ သီးခြားခွဲနေရတဲ့ ကွာရန်တင်းစင်တာတွေ အဆင်သင့်မဖြစ်သေးဘူးလို့လည်း သူကပြောပါတယ်။

ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ မြန်မာနိုင်ငံသား ၁၄၉ ဦးကိုလည်း နေရပ်ပြန်ပို့ဖို့ စာရင်းတင်ထားပေမဲ့ ရက်မသတ်မှတ်နိုင်သေးဘူးလို့ သူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။