မုန်းမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ကျော် ဖြူးမြို့ကို ထွက်ပြေး

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးနဲ့ မုန်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လနောက် ဆုံးပတ်ကစပြီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၂၆ ရွာက ဒေသခံ လေး သောင်းခန့် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို က ဇူလိုင်လ ၃ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီအထဲက မုန်းမြို့နယ်အတွင်းက ဒေသခံ နှစ်ထောင်ခန့်ဟာ ပဲခူးတိုင်း အရှေ့ဘက်ခြမ်း ဖြူးမြို့နယ်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါ တယ်။
အဲဒီဒုက္ခသည်တွေဟာ ဇူလိုင်လ ၂ ရက်နေ့ကစပြီးတော့ ထွက်ပြေးတိမ်းရှောင်လာကြတာ ဖြစ်ပြီး ဖြူးမြို့နယ်အတွင်းက ဘာသာရေး အဆောက်အအုံတွေမှာ ယာယီကယ်ဆယ်ရေး စခန်း ကိုးခု ဖွင့်လှစ်ထားသလို ရပ်ကွက်အတွင်း နေအိမ်တွေမှာလည်း ခိုလှုံနေကြရပါတယ်။
"သူပြေး ကိုယ်ပြေးတွေပြေး။ အခုက အကုန်လုံး ထွက်ပြေးလာရတာချည်းပဲလေ"
လူနှစ်ထောင်ကျော်ထဲမှာ မွေးကင်းစအရွယ်ကနေ အသက် ၈၀ ကျော်အထိပါဝင်ပြီး လူဦး ရေစုစုပေါင်းရဲ့ သုံးပုံနှစ်ပုံဟာ ၁၀ နှစ်အောက် ကလေးငယ်တွေဖြစ်တယ်လို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။
မုန်းမြို့နယ် ကော့ပြင်းကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဦးစိုးတင့်ကတော့ ပစ် ခတ်မှုတွေဟာ ရွာထဲအထိရောက်လာတာကြောင့် ထွက်ပြေးလာရတာလို့ ပြောပါတယ်။
“မနေ့ကတော့ ရွာထဲမှာတင် အဲဒါပစ်ကြ။ ပစ်၊ ထု အဲမှာရွာသားတွေလည်း ထိတဲ့လူ လည်း ထိတာပေါ့လေ။ သူပြေး ကိုယ်ပြေးတွေပြေး။ အခုက အကုန်လုံး ထွက်ပြေးလာရ တာချည်းပဲလေ။ အလွတ်ပဲ ထွက်ပြေးနေရတာပဲ အကုန်လုံး။ အရင်တုန်းကလည်းဖြစ် တာပဲ။ တိုက်ပွဲတွေ ဘာတွေဖြစ်တာလည်း ဒီလောက်ကြီးလည်း ပျက်ပျက်စီးစီးမဖြစ်ဘူး ပေါ့ကွာ။ အခုကတော့ အခြေအနေကို တအားဆိုးသွားပြီ။ ရွာထဲချည်းပဲ လိမ့်ထုနေတာ ကို”
အခုလို ရပ်ရွာကိုစွန့်ခွာပြီး ထွက်ပြေးရတာဟာ သူ့အသက် ၅၀ ကျော်မှာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့က မုန်းမြို့နယ် ကြောင်ပြာကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၃ ရက်နေ့မှာတော့ ကော့ပြင်း ကျေးရွာအနီးမှာ တိုက်ပွဲတွေ ဆက် လက်ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲတွေအတွင်း ကျေးရွာတွေထဲကို လက်နက်ကြီးတွေ ကျရောက်တာကြောင့် ကြောင်ပြာနဲ့ ကော့ပြင်းကျေးရွာ အပါအဝင် ကျွန်ပင်စိတ်၊ တပ်ကုန်း၊ အောင်းလောင်းစိန်၊ ကပျောတော၊ သစ်ချစိတ်၊ ကျွန်းတော၊ ကလောက်တတ်၊ မီးတိုင်တော၊ မြောင်းဦး၊ ကျောင်း စု၊ အောင်ချမ်းသာ စတဲ့ ကျေးရွာ ၁၃ ရွာက ဒေသခံ နှစ်ထောင်ခန့်ဟာ ဖြူးမြို့နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတာလို့ ဒေသခံတွေက ပြောပါတယ်။
ညောင်လေးပင်ခရိုင်ထဲက KNU တပ်မဟာ (၃) ထိန်းချုပ်ရာနယ်မြေဖြစ်တဲ့ မုန်းမြို့နယ် အတွင်းက စစ်ကောင်စီရဲ့ ကြောင်ပြာ၊ အောင်းလောင်းစိန်၊ ကျွန်းပင်ဆိပ်၊ ကော့ပြင်း၊ ကျောင်းစု စတဲ့ တပ်စခန်းငယ်ငါးခုကို ကရင်အမျိုးသားလွတ်မြောက်ရေး ပူးပေါင်းတပ်ဖွဲ့က ဇူလိုင်လ ၂ ရက်နေ့ကစပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန် ခဲ့တာပါ။
စစ်ကောင်စီတပ်ကလည်း အဲဒီတပ်စခန်းငယ်တွေကို ပြန်လည်ရယူဖို့အတွက် လေကြောင်း နဲ့ လက်နက်ကြီး ပစ်ကူတွေသုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့တာလို့ KNU ဗဟိုကလည်း ထုတ် ပြန်ထားပါတယ်။
အခုလိုတိုက်ခိုက်မှုတွေကြောင့် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာရတာလို့ မုန်းမြို့ဒေသခံ ဒေါ်စန်းစန်းဦးက ပြောပါတယ်။
“ကျမတို့နောက်မှာ ဝမ်းစာလေးတွေထည့်ထားတာ ဆန်လေးတွေရှိတယ်။ နွားတွေ၊ ဆိတ်တွေ အကုန်လုံး ထားခဲ့ရတယ်။ နောက်ပိုင်းကိုလည်း စိတ်မချရဘူး။ တကယ်လို့ တကယ့်တကယ် လက်နက်ကြီးတွေ ဘာတွေပစ်လို့ ကျခဲ့တယ်ဆို ဒါတွေ ဆုံးရှုံးသွား ခဲ့ရင် ကျမတို့ဆီမှာ လက်ရှိက လက်မဲ့ဖြစ်သွားမှာ။ ကျမတို့မှာ အလုပ်မရှိ၊ အကိုင်မရှိ စားဝတ်နေရေးမှာ မိသားစုနဲ့။ မတရားအခက်အခဲနဲ့ တွေ့နိုင်တယ်”
ဖြူးမြို့ကိုရောက်ဖို့အတွက် တောတောင်တွေထဲမှာ ဖြစ်သလို ညအိပ်ရပ်နားပြီး ထွက်ပြေး လာရတာလို့ မုန်းမြို့နယ် ကော့ပြင်းရွာက နော်ဘက်သာက ပြောပါတယ်။
“တစ်ရက်စာ၊ နှစ်ရက်စာပဲ သယ်နိုင်တာပေါ့။ အဲလိုပဲ ရှောင်ပြေးပြီးတော့ ထမင်းတောင် မချက်စားရဲဘူး။ အဲဒီလိုပဲ လျှောက်ပြေးနေတာပဲ။ ကလေးတချို့ဆို ငိုတာပေါ့နော်။ ထမင်းဆာလို့။ ဒီက ချက်မှ မချက်စားရဲတာ။ ချက်စားရင်လည်း ဟိုမှာ လက်နက်ကြီးချ ပြီဆိုရင် အမိုးတို့ မချက်စားရဲတော့ဘူးလေ။ ညအိပ်တော့လည်း အဲဒီလို တောထဲတွေမှာ ပဲ အောက်တွေမှာလည်းအိပ်။ ငှက်ပျောပုံတွေမှာလည်းအိပ် အဲဒီလို”
အခုတော့ ဖြူးမြို့ပေါ်က ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ ခိုလှုံခွင့်ရနေတာကြောင့် လတ် တလော စားသောက်ရေးအဆင်ပြေနေတယ်လို့ သူက ပြောပါတယ်။
ဒုက္ခသည်တွေ ဖြူးမြို့ကို အန္တရာယ်ကင်းကင်းရောက်ရှိရေးအတွက် ဒေသခံအရပ်ဘက်အဖွဲ့ တွေက အကူအညီပေးခဲ့ကြတယ်လို့ မုန်းမြို့နယ် တုံးတောကျေးရွာကနေ ထွက်ပြေးလာတဲ့ ဒေါ်သန်းမြင့်က ပြောပါတယ်။
“ကျမတို့ရဲ့ အနီးတစ်ဝိုက်မှာ ဖြစ်နေတဲ့အခါကျတော့ ကျမတို့အိမ်တွေဘက်ကို ကျနိုင်တဲ့ အန္တရာယ်မျိုးရှိတယ်လေ။ အဲမှာတင် ကျမတို့က အန္တရာယ်အမျိုးမျိုးရှိတဲ့အတွက် ရှောင် တိမ်းလာခဲ့ရတာပဲ။ လက်နက်ကြီးက တချို့နေရာတွေ ကျကြတယ်လေ။ ကိုယ့်နေရာကို လည်း ကျနိုင်တဲ့ အရည်အချင်းက များနေတယ်။ အဲလို လက်နက်တွေပစ်နေတော့ ကျမ တို့မှာ သားသမီးတွေ၊ မိသားစုတွေလည်း ကြောက်ရတယ်၊ စိုးရိမ်ရတယ်လေ။ ကိုယ့် ဘက်ကို အန္တရာယ်မျိုးက ကျရောက်လာမယ်လေ။ အဲတော့ ပစ္စည်းဥစ္စာတွေပစ်ပြီးတော့ ဖြူးမြို့နယ်က သာရေးနာရေးကားတွေက လာခေါ်လို့ လိုက်လာခဲ့ရတယ်လေ။ ကူညီ ပေးလို့”
လက်ရှိမှာ ဖြူးမြို့ကို ထွက်ပြေးလာကြသူတွေအတွက် ဒေသခံအရပ်ဘက်အဖွဲ့တွေက အကူအညီတွေ ပေးထားကြပါတယ်။

ဒါပေမဲ့ ထွက်ပြေးတိမ်းရှောင်လာသူတွေ နေရပ်ပြန်ရေးကိစ္စက မခန့်မှန်းနိုင်သေးတဲ့အတွက် ရေရှည်မှာ အခက်အခဲတွေ ရှိလာနိုင်တယ်လို့ အကူအညီတွေပေးနေတဲ့ ဖြူးမြို့ခံ ဦးစော မောင်က ပြောပါတယ်။
“ကျနော်တို့ ငါးရက်တစ်ပတ်၊ ၁၀ ရက်ဆိုတဲ့ အတိုင်းအတာဆိုရင် ကျနော်တို့မြို့ပေါ် အတိုင်းအတာက ရင်းနှီးတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေရဲ့ လှူဒါန်းမှု နဲ့တော့ အဆင်ပြေနိုင်မယ်။ ဒါပေမဲ့ ကျနော်တို့မှာ ၁၅ ရက်မျိုး၊ တစ်လမျိုး၊ နှစ်လမျိုး ကြာသွားရင် သူတို့တွေရဲ့ စားဝတ်နေရေးအတွက်ကို ကျနော်တို့အနေနဲ့ ရေရှည်မှာတော့ ကျနော်တို့ လက်ရှိ ရှိတဲ့ အဝန်းအဝိုင်းရဲ့ ပံ့ပိုးမှုနဲ့တော့ မလုံလောက်နိုင်ဘူး။ ကျနော်တို့ ကို ပံ့ပိုးမှုကြီးကြီးမားမားတွေ လုပ်ပေးနိုင်မှသာ ဒီလူအင်အားကို ပြေလည်အောင် ဖြေ ရှင်းနိုင်မယ့် အနေအထားရှိပါတယ်”
လက်ရှိမှာ နေရပ်စွန့်ခွာထွက်ပြေးလာသူတွေကို ကြက်ခြေနီအဖွဲ့က စစ်တမ်းတွေ ကောက် ယူနေသလို ကျန်းမာရေးအဖွဲ့တွေနဲ့ပါ ချိတ်ဆက်ထားတယ်လို့ သူက ပြောပါတယ်။
ကယ်ဆယ်ရေးစခန်းတွေမှာ စုပြုံခိုလှုံနေကြရတာကြောင့် မိုးရာသီကာလမှာ အဖြစ်များ တတ်တဲ့ သွေးလွန်တုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေဖြစ်ပွားမှာကို စိုးရိမ်နေရသလို ကလေးငယ်တွေအတွက် ခြင်အန္တရာယ်ကနေ ကာကွယ်နိုင်မယ့်ဆေးဝါးတွေနဲ့ တခြားဆေး ဝါးတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ဇွန်လအထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ခုနစ်သိန်းခြောက်သောင်းကျော်ရှိနေပြီး အဲဒီအထဲမှာ ကလေးသူငယ် က နှစ်သိန်းငါးသောင်းကျော် ပါဝင်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က ဇွန်လ ၂၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။