တစ်နှစ်အတွင်း စစ်ကြောရေးသေဆုံးသူ တစ်ရာကျော်ရှိ

2022.02.01
တစ်နှစ်အတွင်း စစ်ကြောရေးသေဆုံးသူ တစ်ရာကျော်ရှိ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံရသူ တစ်ဦးကို ၂၀၂၁ ဖေဖော်ဝါရီ ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: RFA

စစ်တပ်က အာဏာသိမ်းပြီး စစ်ကြောရေးမှာ ဖမ်းဆီး၊ နှိပ်စက်ခံရလို့ သေဆုံးခဲ့ရသူ အရေအတွက်ဟာ RFA က ပြုစုထားတဲ့စာရင်းအရ ဖေဖော်ဝါရီ ၁ ရက် ဒီနေ့အထိ တစ်နှစ်အတွင်း စုစုပေါင်း ၁၁၀ ဦး အထိ ရှိပါတယ်။

အမျိုးသမီး သုံးယောက် ပါဝင်ကာ ကျန်သူတွေက အမျိုးသားတွေဖြစ်ကြပြီး အသက် အငယ်ဆုံး ၁၉ နှစ် ကနေ အသက် ၇၂ နှစ်အရွယ်အထိ ပါဝင်တာ တွေ့ရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ကလေး သုံးယောက်မိခင် အသက် ၃၉ နှစ်အရွယ် ဒေါ်မာလာဝင်းဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၂၁ ရက်က စစ်ကြောရေးမှာ သေဆုံးခဲ့ရပြီး ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်က မအိသက်ပိုင်ဟာလည်း ဗုံးပေါက်ကွဲမှုနဲ့ စွပ်စွဲဖမ်းဆီးခံရပြီး အောက်တိုဘာ ၁၁ ရက်မှာ သေဆုံးခဲ့ရပါတယ်။ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်က အသက် ၃၈ နှစ်အရွယ် မနန်းကိုလည်း စစ်ကောင်စီ က PDF လို့ စွပ်စွဲဖမ်းဆီးပြီး ဒီဇင်ဘာ ၁၃ ရက်နေ့မှာ သေဆုံးခဲ့ရပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာက အသက် ၇၂ နှစ်ရှိ ဦးကံထောက်ကတော့ စစ်ကြောရေးမှာ သေဆုံးခဲ့သူတွေထဲ အသက်အကြီးဆုံး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဩဂုတ် ၁၈ ရက်မှာ စစ်ကောင်စီတပ်တွေ နှမ်းခါးရွာရောက်လာပြီး ဦးကံထောက်ကို ခေါ်ယူစစ် ဆေးရိုက်နှက်ခဲ့လို့ ဩဂုတ် ၂၁ ရက်မှာ သေဆုံးခဲ့ရပါတယ်။

ရန်ကုန်တိုင်း တောင်ဥက္ကလာပက ကိုစန်းဝင်းအောင်၊ ကွမ်းခြံကုန်းမြို့နယ်က ကိုဇင်ဝေ အောင်၊ ဗိုလ်တစ်ထောင်မြို့နယ်က ကိုဘုန်းမြင့်အောင် တို့ဟာ အသက် ၁၉ နှစ်အရွယ် တွေသာဖြစ်ကြပြီး စစ်ကြောရေးမှာ အသက်အငယ်ဆုံး သေဆုံးခဲ့ရသူတွေ ဖြစ်ကြပါတယ်။

စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်ကြော ရေးမှာ သေဆုံးသူတွေ ရှိခဲ့တာကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့က RFA ကို ဝန်ခံပြောထား ပါတယ်။

ဖော်ပြပါစာရင်းတွေဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၇ ရက်ကစလို့ RFA က သီးသန့်ကောက်ယူ ထားတဲ့ စာရင်းတွေဖြစ်ပြီး မြေပြင်အခြေအနေအရ စစ်ကြောရေးမှာ သေဆုံးခဲ့ရသူ အရေအတွက်ဟာ ဒီထက်မက ပိုများနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။