စစ်ကြောရေးဒဏ်ကြောင့် ဗျိုင်းဖြူရွာသား နှစ်ဆယ်ကျော် ဆေးကုသမှု ခံယူနေရ
2024.06.20
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှာ ဖမ်းဆီးခံရသူတွေထဲက ၂၅ ဦးဟာ စစ်ကြောရေးအတွင်း နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့် ဆေးကုသမှုခံယူနေရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
လက်ရှိ စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပေမဲ့ ဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ရွာသားတွေရဲ့ ခန္ဓာကိုယ်အနှံ့မှာ ရိုက်နှက်ထိုးကြိတ်ခံရတဲ့ဒဏ်ရာတွေ တွေ့ရတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“ဒဏ်ရာတွေကတော့ အများကြီးပဲ။ နှစ်ယောက်လည်း သေသွားပြီး။ အခု ဆေးရုံမှာ ၂၅ ယောက် ကျန်သေးတယ်။ အားလုံး ဒဏ်ရာအပြင်းအထန် ရထားတယ်။ သူတို့ ဆေးရုံကို ပို့လာတဲ့နေ့ကဆိုရင် ရပ်လို့တောင်မရဘူး။ အခုလည်း စိုးရိမ်ရတယ်။ ခြေထောက်တွေမှာရော၊ လက်တွေမှာရော၊ မျက်နှာတွေမှာရော တစ်ကိုယ်လုံး ဒဏ်ရာတွေချည်းပဲ”
စစ်ကြောရေးအတွင်း နှိပ်စက်တဲ့ဒဏ်ရာတွေကြောင့် ဇွန်လ ၁၁ ရက်နေ့ကလည်း ဗျိုင်းဖြူရွာသား နှစ်ဦး ဆေးကုသမှုခံယူရင်း သေဆုံးခဲ့ရပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဖုန်းခေါ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
လက်ရှိမှာ ဆေးရုံတင်ထားရတဲ့ ဗျိုင်းဖြူရွာသားတွေကို မိသားစုဝင်တွေကိုယ်တိုင် ပြုစုနေရပြီး ငွေကြေးအဆင်မပြေမှုတွေကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။
ဗျိုင်းဖြူရွာက ဖမ်းဆီးခံရတဲ့သူ ငါးဆယ်ဝန်းကျင်ကို ဇွန်လ ၁၁ ရက်နေ့မှာ စစ်တွေအကျဉ်းထောင်ကို ပို့ဆောင်ခဲ့ပြီး ဒဏ်ရာရတဲ့သူတွေကိုတော့ စစ်တွေ ဆေးရုံကြီးကို ပို့ဆောင်ခဲ့တာပါ။
ဖမ်းဆီးခံထားရသူတွေထဲက ရှစ်ဦးကို မတရားအသင်းများ အက်ဥပဒေပုဒ်မ ပုဒ်မ ၁၇ (၁) နဲ့ အမှုဖွင့်ထားပြီး ၃၀ ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်ထားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။