စစ်ကောင်စီဥက္ကဋ္ဌကို လုပ်ကြံဖို့ကြိုးစားမှုနဲ့ ဖမ်းဆီးခံရသူနှစ်ဦး စစ်ကြောရေးမှာ သေဆုံး

2024.07.18
စစ်ကောင်စီဥက္ကဋ္ဌကို လုပ်ကြံဖို့ကြိုးစားမှုနဲ့ ဖမ်းဆီးခံရသူနှစ်ဦး စစ်ကြောရေးမှာ သေဆုံး ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင် လူငယ်တချို့ အား ဖမ်းဆီးမိကြောင်း မြန်မာ့အလင်းသတင်းစာတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့က ထုတ်ပြန်ထားစဥ်။
Myanmar Military

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ ရန်ကုန်မြို့ပြပြောက်ကျား Dark Shadow အဖွဲ့ဝင်နှစ်ဦးဟာ စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ အဲဒီအဖွဲ့က အတည်ပြုပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇွန်လ ၈ ရက်က ရန်ကုန်မြို့ အမှတ်(၃) သန်လျင်တံတားဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။ အဲဒီပွဲကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ ကြိုးစားခဲ့သူတွေထဲက ကိုးဦးကို ဇွန်လ ၈ ရက်မှာပဲ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

နောက်ထပ် လေးဦးကိုတော့ ဇွန်လ ၁၄ ရက်နေ့မှာ စစ်ကောင်စီက ထပ်မံ ဖမ်းဆီးခဲ့ပါတယ်။ ထပ်မံဖမ်းဆီးခံရသူ လေးဦးထဲက ရှိန်းမြင့်မိုရ်အောင် (ခ) ကိုရှိန်း၊ ရဲဘော် ဇော်ကြီး (ခ) ကိုထက်တို့ နှစ်ဦးဟာ စစ်ကြောရေးမှာ နှိပ်စက်ခံရပြီး သေဆုံးခဲ့တာလို့ Dark Shadow အဖွဲ့က ပြောပါတယ်။

"ရဲဘော် ရှိန်းမြင့်မိုရ်အောင်နဲ့ ရဲဘော် ဇော်ကြီး နှစ်ယောက် စစ်ကြောရေးမှာ ကျဆုံးသွားတာပါ၊ ဘယ်နေ့က ကျသွားတယ်ဆိုတာ တိတိကျကျ မသိရပေမဲ့ ဘုရင့်နောင်စစ်ကြောရေးမှာ ကျဆုံးသွားခဲ့ရတာပါ။ ကျန်တဲ့သူ Dark Shadow အဖွဲ့ဝင် ကိုမျိုးသိန်းထွန်းနဲ့ ကိုရဲဇော်ထွန်း နှစ်ဦးကလည်း မိသားစုနဲ့ အဆက်သွယ်မရသေးသလို အသက်ရှင်သေးလား၊ မရှင်တော့ဘူးလားဆိုတာလည်း မသိကြရသေးဘူး"

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ ဦးဌေးအောင်ကို RFA က ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၁၇ ရက်အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ပြည်သူ ၅၄၀၄ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။