စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်ကြောရေးမှာနှိပ်စက်လို့ ဗျိုင်းဖြူရွာသားနှစ်ဦး သေဆုံး
2024.06.12

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ အရပ်သားတွေထဲက နှစ်ဦးဟာ စစ်ကြောရေးအတွင်း နှိပ်စက်မှုတွေကြောင့် ဇွန်လ ၁၁ ရက်မှာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူ ငါးဆယ်ဝန်းကျင်ကို စစ်ကောင်စီတပ်က စစ်တွေအကျဉ်းထောင်ကို ဇွန်လ ၁၁ ရက်မှာ ပို့ဆောင်ခဲ့ပြီး အဲဒီထဲကသုံးဦးကိုတော့ ဒဏ်ရာတွေကြောင့် စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့တာပါ။
စစ်တွေဆေးရုံကိုပို့ခဲ့တဲ့ အရပ်သားသုံးဦးထဲက နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒီအကြောင်းကို သိတဲ့ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က စစ်ကြောရေးထဲကနေ စစ်တွေအကျဉ်းထောင်ထဲကိုပို့တယ်။ အဲဒီအထဲက သုံးယောက်က သေလုဆဲဆဲဖြစ်နေပြီ။ သူတို့သုံးယောက်ကို စစ်တွေဆေးရုံကြီးကို ပို့ပေးတယ်။ နှစ်ယောက်ကတော့ မနေ့ကပဲ သေသွားတယ်။ နောက်တစ်ယောက်ကလည်း ဒဏ်ရာအတော်ပြင်းနေတယ်”
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေ၊ အသားတွေကို ဓားနဲ့လှီးထားတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။
စစ်ကြောရေးအတွင်း ဒေသခံနှစ်ဦးသေဆုံးတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFAက တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
ဖမ်းဆီးခံထားရသူတွေထဲက ရှစ်ဦးကိုလည်း မတရားအသင်းများ အက်ဥပဒေပုဒ်မ ပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့်ထားပြီး ၃၀ ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်ထားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
ဗျိုင်းဖြူရွာကို မေလ ၂၉ ရက်မှာ စစ်ကောင်စီတပ်သား ၁၇၀ နီးပါးက စီးနင်းခဲ့ပြီး အမျိုးသားတွေအားလုံးကို ဖမ်းဆီးစစ်ဆေးခဲ့တာပါ။
အဲဒီနောက် အရပ်သားတွေကို ဗျိုင်းဖြူရွာမှာပဲ စစ်ကြောရေးလုပ်ခဲ့ပြီး ၇၆ ဦးသေဆုံးခဲ့တယ်လို့ AA က ဇွန်လ ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။