မုံရွာမြို့ ရွာထောင်ရွာခံ ကိုးရာခန့် ရှစ်လကြာလာချိန်အထိ ရွာထဲပြန်ဝင်လို့မရ

RFA Burmese
2024.05.25
မုံရွာမြို့ ရွာထောင်ရွာခံ ကိုးရာခန့် ရှစ်လကြာလာချိန်အထိ ရွာထဲပြန်ဝင်လို့မရ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ ရွာထောင်ရွာအား တွေ့ရစဉ်။
Citizen Journalist

စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲထားတာကြောင့် ဘေးလွတ်ရာထွက်ပြေးနေရတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီး ရွာထောင်ရွာက ဒေသခံကိုးရာနီးပါးဟာ ရှစ်လခန့်ကြာလာချိန်အထိ ရွာထဲပြန်ဝင်လို့မရသေးဘူးလို့ အဲဒီရွာခံတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းမှာ စစ်ကောင်စီတပ်က ရွာထဲဝင်ရောက်ပြီး လက်နက်ကြီးတွေပါ အခြေချ တပ်စွဲခဲ့သလို ဖမ်းဆီးစစ်ဆေးတာတွေ မကြာခဏလုပ်ခဲ့တာကြောင့် အိမ်ခြေ ၁၂၀ နီးပါးရှိတဲ့ အဲဒီတစ်ရွာလုံး ဘေးလွတ်ရာထွက်ပြေးခဲ့ရတာလို့ ဆိုပါတယ်။

လက်ရှိတော့ အိမ်ငှားစရိတ် မတတ်နိုင်တဲ့သူတချို့နဲ့ နေစရာမရှိသူတချို့ ရွာထဲပြန်နေကြပေမဲ့ အများစုက မပြန်ရဲကြသေးဘူးလို့ ရွာထောင်ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့တပ်စွဲလိုက်တော့ တွေ့တဲ့သူကို ဖမ်းဆီးသတ်ဖြတ်မှာစိုးရိမ်လို့ ထွက်လာခဲ့တာ။ တပ်စွဲပြီးနောက်လည်း ရွာထဲက အမျိုးသားခြောက်ဦးလောက်ကို ဖမ်းပြီးသတ်လိုက်တဲ့ ကိစ္စလည်း ရှိခဲ့ဖူးတယ်။ အဲဒါတွေကြောင့် အပြင်မှာ အိမ်ငှားနေ၊ တဲထိုးနေကြတာပေါ့။ အိမ်စရိတ် မတတ်နိုင်တဲ့သူတချို့က ကဲ သေလည်း သေပါစေတော့ဆိုပြီး အခုရက်ပိုင်း ပြန်လာနေတဲ့သူ ငါးဆယ်၊ တစ်ရာလောက်ရှိတယ်။ ကျွန်တော်တို့ အများစုကတော့ တပ်စွဲထားတာ မရုပ်သိမ်းသရွေ့ မပြန်ဘူးလို့ ဆုံးဖြတ်ထားကြတယ်”

အများစုဟာ လက်ရှိ မြို့ပေါ်မှာ အိမ်ငှားနေကြသလို နီးစပ်ရာရွာတွေမှာ တဲထိုးနေထိုင်နေကြရပြီး နေထိုင်၊ စားသောက်စရိတ် တိုးလာပေမဲ့ စိုးရိမ်ရဆဲဖြစ်တာကြောင့် အများစုဖြစ်တဲ့ ဒေသခံကိုးရာနီးပါးဟာ ရွာထဲ မပြန်ရဲကြသေးဘူးလို့ ဆိုပါတယ်။

အဲဒီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကလည်း ဘေးပတ်ပတ်လည်ရွာတွေကိုပါ လက်နက်ကြီးနဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုးမီးရှို့တာတွေ မကြာခဏလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မေလ ၄ ရက်နေ့စာရင်းအရ တစ်နိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် သုံးသန်းကျော်ရှိနေပြီး ဒါဟာ ခြောက်လအတွင်း ငါးဆယ်ရာခိုင်နှုန်း မြင့်တက်လာတာလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။