NLD ဖျက်သိမ်းကြောင်း ကြေညာချက်ကို သံဃာ့တပ်ပေါင်းစု ရှုတ်ချ
2010.09.16

“မတရား အနိုင်ကျင့် ဗိုလ်ကျတယ်လို့ပဲ ဦးဇင်းတို့က မြင်ပါတယ်။ NLD ပါတီ ဆိုတာက ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရ ပါတီကြီး ဖြစ်တယ်လေ။ အဲဒါကို ဒီ အနိုင်ရထားမှုကိုလည်း ၉၀ ရွေးကောက်ပွဲ ရလဒ်ကိုလည်း အသိအမှတ် မပြုဘူး၊ ဘာမှ အကြောင်းမပြပဲနဲ့ ပယ်ဖျက်တယ်၊ ပယ်ဖျက်ပြီးတော့တခါ ထပ်ပြီးတော့ အခုလည်း အနိုင်ရပါတီကိုပဲ တရားမဝင်ပါတီအဖြစ် သတ်မှတ်တယ်ဆိုတော့ ဗြောင်တင်းတင်းကြီးကို အနိုင်ကျင့် ဗိုလ်ကျလိုက်တာလို့ ဦးဇင်းတို့ မြင်ပါတယ်။ အနိုင်ရတဲ့ ရလဒ်ကို ဘာမှ အကောင်အထည် ဖော်ခွင့် မရှိပဲနဲ့ အခုလို မတရား ဖိနှိပ်ခံပြီးတော့ ပယ်ဖျက်ခံရတယ်ဆိုရင် အဓိပ္ပာယ် မရှိဘူးလေ။ သူဟာ ရပ်တည်ခွင့် ရှိတယ်။”
အန်အယ်လ်ဒီပါတီအနေနဲ့ မြန်မာ ပြည်သူလူထု တရပ်လုံး လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ ရရှိတဲ့အထိ အတိုက်အခံပါတီတခုအဖြစ် ဆက်လက်ရပ်တည်ဆောင်ရွက် သွားဖို့ကိုလည်း တိုက်တွန်းလိုကြောင်း ဆရာတော် ဦးဓမ္မသီရိက မိန့်ပါတယ်။
“NLD ပါတီကိုလည်း အတိုက်အခံပါတီ အမည်ခံထားတဲ့အတွက် အမြဲတမ်း အတိုက်အခံလုပ်ဖို့။ လုပ်ပြီးတော့ အနိုင်ယူရအောင် တိုက်သွားဖို့ အားမလျှော့ဖို့ ဦးဇင်းတို့ တိုက်တွန်း နှိုးဆော်လိုပါတယ်။ လူထုကလည်း NLD ဖက်မှာ အမြဲ ရပ်တည်နေမယ်ဆိုတာကို တိုက်တွန်းရင်း အားပေးစကား ပြောလိုက်တာပဲ။ ဒီမိုကရေစီကို မရ ရအောင်ယူဖို့ လက်ဆင့်ကမ်း ပခုံးပြောင်း တာဝန်ယူပြီးတော့ ဆက်လက် ဒီမိုကရေစီ ရအောင် ဆောင်ရွက်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ မျှော်လင့်ပါတယ်။”
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးဟာ စစ်အစိုးရကျင်းပမဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ အခုလ ၁၃ ၇က်နေ့က ကြေညာချက် ထုတ်ပြန် တိုက်တွန်းထားပါတယ်။ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်နေ့ နီးကပ်လာတာနဲ့အမျှ စစ်အစိုးရက သံဃာတော်တွေအပေါ် ကန့်သတ်ချုပ်ချယ်မှုတွေ၊ အနီးကပ် စောင့်ကြည့်မှုတွေ တိုးမြှင့်ပြုလုပ်နေတယ်လို့ သိရပါတယ်။
အခုလို သံဃာတော်တွေ ထိန်းချုပ် ကန့်သတ်ခံနေရမှု အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးရဲ့ ပြောခွင့်ရ ဆရာတော် ဦးဓမ္မသီရိကို RFA မှ ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန် |