ဖမ်းဆီးထားသည့် ရခိုင်ဆရာတော်ကို ပုဒ်မ ၇ ခုတပ်ပြီး တရားစွဲ
2010.08.18
ဆရာတော်ကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှာ ချုပ်နှောင် ထိန်းသိမ်းထားကနေ အခု စစ်တွေအကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီ ဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်တယ်လို့ စစ်တွေမြို့ အခြေစိုက် ရခိုင်တိုင်းရင်သားများ တိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
“ကျွန်တော်တို့ ကြားရတဲ့ သတင်းအရဆိုရင်တော့ ကျန်းမာရေး ကောင်းပါတယ်တဲ့။ ဒီ မနေ့ကပေါ့နော်၊ ၁၇ ရက်နေ့က ဆရာတော်ကို ရုံးထုတ်ပြီးခါမှ တရားလိုပြ သက်သေတွေကို စစ်တယ်လို့ ကြားပါတယ်။ ဒီ လက်ရှိပေါ့နော်၊ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေအရ နိုင်ငံသားတွေရဲ့ လွတ်လပ်တဲ့ ဒီ နိုင်ငံသားတဦးရဲ့ ရပိုင်ခွင့် ဘောင်ထဲကပေါ့နော်၊ ဆရာတော်ကို မျှမျှတတ တရားစီရင် စစ်ဆေးနိုင်မယ်လို့ပဲ ကျွန်တော်တို့က ယုံကြည်ပါတယ်။ လက်ရှိ ကျွန်တော်တို့ သိရသလောက်လည်း ဆရာတော်ဖက်က လိုက်ပါတဲ့ အကျိုးဆောင်ရှေ့နေ ဒေါ်အေးနုစိန်က ဒီဆရာတော်ဖက်က လျှောက်လဲနေတယ်လို့လည်း ကြားပါတယ်။”
ဆရာတော် အရှင် ဦးပညာစာရဟာ သက်တော် ၅၇၊ ဝါတော် ၃၇ ရှိပြီး၊ မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ဖြစ်ပါတယ်။ ဆရာတော်ဟာ မိဘမဲ့ ပရဟိတ ကျောင်းတခု ဖွင့်လှစ်ထားပြီး၊ ကလေးငယ် အယောက် ၁၂၀ လောက်ကို ပြုစုစောင့်ရှောက်ထား တယ်လို့ သိရပါတယ်။ ဆရာတော်ကို ဖမ်းဆီးပြီးနောက် စစ်အစိုးရ အာဏာပိုင်တွေက ကလေးအယောက် ၉၀ လောက်ကို မန္တ္တလေးမြို့နဲ့ မကွေးမြို့တို့ကို နှစ်သုတ်ခွဲ ခေါ်ဆောင်သွားခဲ့ တယ်လို့ သိရပါတယ်။
ဒါ့ပြင် ဆရာတော် နှစ်ပေါင်းများစွာ ပြုစုထားခဲ့တဲ့ ပေစာ၊ ပရပိုက်စာ၊ ဒင်္ဂါးပြား စတဲ့ သမိုင်းအထောက်အထားဆိုင်ရာ သေတ္တာလေးလုံးနဲ့တကွ ဆရာတော်ရဲ့ကျောင်းတိုက်ကိုပါ ချိပ်ပိတ် သိမ်းဆည်းသွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဆရာတော်ကို ဖမ်းဆီးစဉ်က ရခိုင်ဘုရင် မင်းဆက်ပျက်သုဉ်းပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၂၆ နှစ်ကစလို့ မြန်မာနိုင်ငံ လက်အောက်ကို ရခိုင်ပြည် ရောက်ရှိခဲ့ရတဲ့ သမိုင်းကြောင်း စာအုပ်တအုပ်နဲ့ လက်ရှိ စစ်အစိုးရလက်ထက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ အားနည်းချက်တွေကို ဝေဖန်ထောက်ပြ ထားတဲ့ စာအုပ်တအုပ် သိမ်းဆည်းရမိခဲ့တယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
လောလောဆယ်မှာ ဆရာတော်ကို ဘာသာ သာသနာ ညှိုးနွမ်းစေမှု၊ သာသနာ့မြေကို ငှားရမ်း အသုံးပြုမှု၊ နိုင်ငံတည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု၊ လိမ်လည်မှု၊ စည်ပင်သာယာ အက်ဥပဒေ၊ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ နိုင်ငံခြားငွေ လဲလှယ်ရေး အက်ဥပဒေ စတဲ့ ပုဒ်မ ၇ ခုတပ် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ ဆရာတော် ဦးပညာစာရ ထိန်းသိမ်းခံထားရတဲ့အတွက် ပြည်တွင်းပြည်ပက ရခိုင်လူထုကြား အတော်မကျေမနပ် ဖြစ်နေကြပြီး ဆရာတော်လွတ်မြောက်ရေး အတွက် တောင်းဆိုနေကြပါတယ်။