ရေဦးမှာ ဆရာတော်တစ်ပါး ပစ်သတ်ခံရ
2024.10.31

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် အုန်းနပေါင်းရွာ ကျောင်းထိုင်ဆရာတော်ကို အောက်တိုဘာ ၃၁ ရက်နေ့ညက သေနတ်သမားတွေ ဝင်ရောက်ပစ်ခတ်တာကြောင့် ပျံလွန်တော်မူသွားတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
ဆရာတော်ကို အနီးကပ်သေနတ်နဲ့ ပစ်သွားတာလို့ ရေဦးမြို့နယ်အခြေပြု People's Defense Comrade အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က RFA ကိုပြောပါတယ်။
"အခုညအစောပိုင်းမှာဖြစ်သွားတာပါ၊ ဆရာတော် ဝတ်ပြုနေတဲ့အချိန် အနီးကပ်ပစ်ခတ်သွားတယ်လို့ သိရတယ်၊ ဆရာတော်ကို ဆေးခန်းကို ပို့ပေးခဲ့ပေမဲ့ အသက်ပါမလာတော့ဘူးလို့ သိရတယ်"
ဆရာတော်ကို အောက်တိုဘာ ၃၁ ရက်ညအစောပိုင်းမှာ မျက်နှာဖုံးစွပ်ထားတဲ့ လူလေးဦးက ဆိုင်ကယ်နှစ်စီးနဲ့ ကျောင်းဝန်းထဲကို ဝင်လာပြီး ပစ်ခတ်သွားကြောင်း ကနဦးသိရတယ်လို့လည်း ဆိုပါတယ်။
ရေးဦးမြို့နယ်က ဆရာတော် သေဆုံးတဲ့အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို မေးမြန်းဖို့ RFA က ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
အုန်းနပေါင်းရွာဟာ ရေဦးမြို့မြောက်ဘက်ခြမ်း ငါးမိုင်သာဝေးတဲ့ မူးချောင်းဘေးက ရွာဖြစ်ပြီး လက်ရှိအချိန်ထိ ဆရာတော်ကို ဘယ်အဖွဲ့က ပစ်သွားတယ်ဆိုတာ မသိရသေးဘူးလို့လည်း ကိုထူးခန့်ဇော်က ပြောပါတယ်။
အောက်တိုဘာလအတွင်း ဘုတလင်၊ ကန့်ဘလူ၊ ကောလင်း၊ ရေဦး၊ ခင်ဦး၊ မြောင်၊ ကနီ စတဲ့ မြို့နယ်ခုနစ်ခုမှာ ဖမ်းဆီး သတ်ဖြတ်ခံရတာ၊ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်ခံရတာ၊ လေကြောင်းတိုက်ခိုက်ခံရတာတွေကြောင့် အရပ်သား ၄၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူကလည်း ၃၆ ဦးထက်မနည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။