မိုးမိတ်မှာ တိုက်ပွဲပြင်းထန်ပြီး သေဆုံးရုပ်အလောင်းတွေ ကောက်ယူဖို့ခက်ခဲနေ
2024.01.19

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့လယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ကြား ဇန်နဝါရီ ၁၉ ရက် ဒီနေ့ နေ့လယ်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားနှစ်ဦး သေဆုံးခဲ့ပေမယ့် ရုပ်အလောင်းတွေကို ကောက်ယူလို့မရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
ဇန်နဝါရီ ၁၈ ရက် မနေ့မနက်ပိုင်းကစလို့ မိုးမိတ်မြို့ရှိ ရဲစခန်းနဲ့ စစ်ကောင်စီ တပ်စခန်း တွေကို KIA၊ PDF ပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း မြေပြင်ရော၊ လေကြောင်းကနေပါ လက်တုံ့ပြန် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က ညနေပိုင်းမှာ တိုက်ပွဲ ခေတ္တငြိမ်သက်သွားပေမယ့် ဒီနေ့မနက် ခုနစ်နာရီမှာ ပြန်စလာပြီး မိုးမိတ်မြို့ ရဲစခန်းနဲ့ မြို့လယ်ဈေးအနီးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။
ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ဆက်တိုက်ဆိုသလို လာရောက် ပစ်ခတ်နေတယ်လို့ မိုးမိတ်မြို့ခံ အမျိုးသားတစ်ဦးက ဒီနေ့ နေ့လယ်ပိုင်းက RFA ကို ပြောပါတယ်။
“အခုကိုပစ်နေတုန်းပဲဗျ။ ဒီတစ်ကြိမ်နဲ့ဆိုရင် ခြောက်ကြိမ်ရှိပြီ။ ဂျက်ဖိုက်တာနဲ့ လာပစ်နေတာ။ မြို့ခံတွေက မြေအောက်ခန်း ရှိတဲ့နေရာတွေမှာ ပုန်းနေရတယ်။ အခုက ရဲစခန်းနဲ့ ဈေးရှိတဲ့ဘက်မှာ ဖြစ်နေတာ”
ဒီနေ့မနက်ပိုင်းမှာတင် စစ်ကောင်စီဘက်က လေကြောင်းကနေ ခြောက်ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သူကပြောပါတယ်။
မနေ့က တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီဘက်က လေကြောင်းကနေ ဆယ်ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့တာကြောင့် မိုးမိတ်မြို့နယ်အတွင်းက ရွှေဇာလီ၊ အာသံရွာနဲ့ မြို့ပေါ် မြောက်ပိုင်းရပ်ကွက်က နေအိမ်တွေ ထိမှန်တာ၊ မီးလောင်ပျက်စီးတာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် မိုးမိတ်မြို့ မြောက်ပိုင်းရပ်ကွက်က အသက် ၃၇ နှစ်အရွယ် ကိုစည်သူ သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသားသုံးဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိုးမိတ်မြို့ တောင်ပိုင်းရပ်ကွက်က အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး လည်း သေဆုံးခဲ့ပြီး ရုပ်အလောင်းတွေကို ကောက်ယူလို့ မရသေးဘူးလို့ မိုးမိတ်မြို့ခံ တစ်ဦးက RFA ကိုပြောပါတယ်။
“မနေ့ကလည်း နေ့လယ်ပိုင်းအထိ အတော်ပြင်းထန်တယ်ဗျ။ ရုပ်ရှင်ရုံနားမှာ လက်နက်ထိတဲ့ကောင်လေး လေးယောက်ထဲက တစ်ယောက်သေသွားတယ်။ တောင်ပိုင်းမှာလည်း လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အမျိုးသားတစ်ယောက် သွားရင်း၊ လာရင်း နှလုံးရပ်ပြီး သေသွားတယ်။ အခုထိ အလောင်းကောက်လို့ မရဘူးဗျ။ အလောင်းတွေက ဒီအတိုင်းထားလို့ မရဘူး။ မီးသင်္ဂြိုဟ်ရမှာ။ ဒါပေမဲ့ အခု ဘယ်သူမှ အပြင်ထွက်လို့မရဘူး ဖြစ်နေတယ်”
မိုးမိတ်ဟာ ခရိုင်အဆင့် မြို့တစ်မြို့ဖြစ်ပြီး စစ်ကောင်စီရဲ့ မိုးမိတ်ဗျူဟာလက်အောက်မှာ ခမရ (၃၄၈)၊ ခလရ (၂၇၆)၊ ခလရ (၂၂၃) တပ်ရင်းတွေ အခြေစိုက်ပါတယ်။ မြို့ပေါ်ရပ်ကွက် လေးခုရှိပြီး မြို့ပေါ်မှာ လူဦးရေ တစ်သောင်းကျော် နေထိုင်ပါတယ်။ တိုက်ပွဲကြောင့် မြို့ပေါ်လူဦးရ သုံးပုံနှစ်ပုံဟာ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
မိုးမိတ်မြို့ပေါ်ကနေ အရေးပေါ် ထွက်ပြေးတိမ်းရှောင်တဲ့ဒေသခံတွေကို မိုးမိတ်မြို့အထွက် လမ်းဆုံ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီရဲ့ တပ်မ ၉၉ တပ်ဖွဲ့ဝင်တွေက တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
မိုးမိတ်တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဒီနေ့ နေ့လယ်ပိုင်းအထိ သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေး ဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းခေါ် ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းမကိုင်ပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့ပါဝင်တဲ့ မြောက်ပိုင်း ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီကြား တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ဇန်နဝါရီ ၁၁ ရက် ညပိုင်းကစလို့ ယာယီ အပစ်ရပ်ထားတာကြောင့် မြို့နယ်အချို့မှာ တိုက်ပွဲ ငြိမ်သက်နေပါတယ်။
ဒါပေမဲ့ ကွတ်ခိုင်နဲ့ မိုးမိတ်မြို့နယ်တွေမှာတော့ စစ်ကောင်စီတပ်နဲ့ KIA တို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။