ရှမ်းပြည်မြောက်ပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံထားရတဲ့ တံတားတွေ မပြင်နိုင်သေး

RFA Burmese
2024.02.29
ရှမ်းပြည်မြောက်ပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံထားရတဲ့ တံတားတွေ မပြင်နိုင်သေး မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် စဥ့်အင်တံတားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်က တွေ့ရစဥ်။
Photo: RFA

ရှမ်းပြည်မြောက်ပိုင်း ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါတဲ့ ကျောက်မဲနဲ့ သီပေါမြို့နယ်ကြားက ကျင်သီတံတား၊ သီပေါနဲ့ လားရှိုးမြို့နယ်ကြားက စဥ့်အင်တံတားတွေဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး ဒီနေ့အထိ ပြန်မပြင်နိုင်သေးတဲ့အတွက် ဒေသခံတွေ၊ ခရီးသည်တွေနဲ့ ကုန်သည်တွေ အခက်အခဲ ဖြစ်နေပါတယ်။

စဉ့်အင်တံတား ရှောင်ကွင်းလမ်းကို မူလတံတားကနေ တစ်နာရီလောက် သွားရတဲ့နေရာမှာ SSPP တပ်ဖွဲ့က ယာယီသစ်သားတံတားတစ်စင်း ပြုလုပ်ပေးထားပြီး အိမ်စီးကားနဲ့ ခရီးသည်တင် ကားအသေးတွေကို ဖြတ်သန်းခွင့်ပေးထားပါတယ်။

တံတားဖြတ်သန်းခအဖြစ် အသွားအပြန် ကျပ်သုံးသောင်းပေးရတယ်လို့ ခရီးသည်တင် ကားမောင်းနေသူတွေက ပြောပါတယ်။

“အသွားဆိုရင် နှစ်သောင်း၊ အပြန်ဆို တစ်သောင်းပေးရတယ်ပေါ့နော်။ တော်သေးတယ်ပြောမယ်။ ဒီတံတားရှိလို့ မဟုတ်ရင် မိုင်လေးဆယ်လောက်ရှိတဲ့ သီပေါနဲ့လားရှိုးကို မိုင်တစ်ရာကျော်လောက် ကွင်းပြီးသွားရမှာ”

ကျင်သီတံတားကို လူနဲ့ဆိုင်ကယ်တွေသာ ဖြတ်သန်းခွင့်ပြုပြီး ခရီးသည်ကားတွေကတော့ ဖြတ်သန်းလို့မရပါဘူး။ ခရီးသည်ကားတွေက တံတားမှာပဲ လူနဲ့ကုန်တွေ ပြောင်း‌ရွှေ့ပြီး သွားနေကြရတယ်လို့ ကိုယ်တိုင်ခရီးသွားလာခဲ့သူတစ်ဦးက ပြောပါတယ်။

“မန္တလေးကနေ လားရှိုးလာမယ်ဆိုရင် ကျင်သီမှာပဲ လူချိန်းကုန်ချိန်း လုပ်ရတာပေါ့။ ဒါတောင်တိုက်ပွဲဖြစ်ရင် မသေချာဘူး။ တံတားတွေက မပြင်ကြသေးတော့ ခရီးသည်တွေရော ကုန်သည်တွေပါ အခက်အခဲဖြစ်တာပေါ့။ မိုးတွင်းဆိုရင် အခုကွင်းလမ်းတွေက သွားမရရင် လားရှိုးနဲ့ အပေါ်ဘက်က မြို့တွေ ရိက္ခာတွေတောင် အခက်အခဲဖြစ်နိုင်တယ်”

မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ကျင်သီတံတားအစား ယာယီသစ်သားတံတားမှတစ်ဆင့် ကုန်ချိန်းလူချိန်းပြုလုပ်နေကြသည်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်က တွေ့ရစဥ်။ (Photo: RFA)
မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ကျင်သီတံတားအစား ယာယီသစ်သားတံတားမှတစ်ဆင့် ကုန်ချိန်းလူချိန်းပြုလုပ်နေကြသည်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်က တွေ့ရစဥ်။ (Photo: RFA)

တံတားတွေပျက်စီးနေပြီး ရှောင်ကွင်းလမ်းကနေ ခရီးသွားရတဲ့အတွက် အရင်ထက် အချိန်ပိုကုန်နေသလို ကုန်တင်ခနဲ့ ခရီးသည်ကားခတွေလည်း ဆယ်ဆနီးပါးလောက် ဈေးတက်သွားတဲ့အတွက် ကုန်ပစ္စည်းဈေးတွေပါ ဈေးတက်ကုန်တယ်လို့ ဒေသခံတွေကပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ကျောက်မဲနဲ့ သီပေါကြားက ကျင်သီတံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး သီပေါနဲ့ လားရှိုးကြားက စဉ့်အင်တံတားကတော့ ဒီဇင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရတာပါ။

ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ရှမ်းပြည်မြောက်ပိုင်းဒေသအတွင်း စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့အကြား အပစ်ရပ်ခဲ့ပေမယ့် ဒီနေ့အထိ တံတားတွေ ပြင်ဆင်တဲ့လုပ်ငန်းတွေ စတင်တာ မတွေ့ရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။