မိုးမိတ်မြို့နယ်မှာ ဒေသခံအမျိုးသားနှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

RFA Burmese
2024.04.06
မိုးမိတ်မြို့နယ်မှာ ဒေသခံအမျိုးသားနှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ မိုးမိတ်မြို့ နမ့်မိတ်ချောင်းအနီးတွင် သတ်ဖြတ်ခံထားရသူနှစ်ဦးကို မီးရှို့သင်္ဂြိုဟ်ပေးနေသည်ကို ၂၀၂၄ ခုနှစ် ဧပြီ ၄ ရက်နေ့က တွေ့ရစဥ်။
Kachin News Group

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ် နမ့်မိတ်ချောင်းနားမှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ဒေသခံ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းကို ဧပြီလ ၄ ရက်နေ့မှာပြန်တွေ့ခဲ့ပြီး မီးသင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံနှစ်ဦးကို ဧပြီလ ၁ ရက်နေ့ကတည်းက စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“သူတို့နှစ်ယောက်က ၁ ရက်နေ့လောက်ကတည်းက အဖမ်းခံရပြီး အသတ်ခံလိုက်ရတာ ဖြစ်မယ်။ အလောင်းတွေ့တဲ့အချိန် တော်တော်လေးတောင် အနံထွက်နေပြီ။ နောက်ပြန်ကြိုးတုပ်ပြီး နှိပ်ဆက်ခံထားရတဲ့ဒဏ်ရာတွေလည်း တွေ့တယ် ”

အဲဒီအထဲက တစ်ဦးဟာ ရွာတော်လေးကျေးရွာက ကိုစံရွှေဆိုသူဖြစ်ပြီး ကျန်တဲ့တစ်ဦးကိုတော့ ဘယ်သူဘယ်ဝါဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

နမ့်မိတ်ချောင်းနားမှာ စစ်ကောင်စီတပ်စခန်းရှိတာကြေင့် အဲဒီတပ်စခန်းက စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ဖေဖော်ဝါရီ ၂ ရက်နေ့ကလည်း မိုးမိတ်မြို့နယ် ရွှေဇာလီရွာမှာ အိမ်စောင့်ကျန်နေတဲ့ ဒေသခံငါးဦးကိုလည်း စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မိုးမိတ်မြို့မှာ ၂၀၂၄ ခုနှစ်အစောပိုင်း တိုက်ပွဲပြင်းထန်ခဲ့ချိန်ကတည်းက ထွက်ပြေးခဲ့ရတဲ့ ဒေသခံအများစု ဒီနေ့အချိန်အထိ နေရပ်ကိုပြန်မလာကြသေးဘဲ အိမ်စောင့်အနေနဲ့ ကျန်နေတဲ့ဒေသခံတချို့နဲ့ စစ်ကောင်စီ တပ်သားတွေသာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။