မုံးကိုးက စစ်ဘေးဒုက္ခသည် ငါးရာကျော် နေရပ်မပြန်နိုင်သေး

2022.01.25
မုံးကိုးက စစ်ဘေးဒုက္ခသည် ငါးရာကျော် နေရပ်မပြန်နိုင်သေး စစ်ကောင်စီတပ်နဲ့ MNDAA တိုက်ပွဲတွေကြောင့် မုံးကိုးမြို့ပေါ် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ၂၀၂၁ စက်တင်ဘာလက တွေ့ရစဉ်
Photo: CJ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ထဲ စစ်ကောင်စီတပ်တွေနဲ့ ကိုးကန့် MNDAA တပ်တို့ရဲ့ ငါးလ ကျော်ကြာ တိုက်ပွဲတွေဖြစ်နေခဲ့ရာ ကောင်းလုံကျေးရွာအုပ်စုက ရွာသားငါးရာကျော် နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

ကောင်းလုံကျေးရွာအုပ်စုထဲက နမ့်ဟာနဲ့ ကောင်းလုံရွာမှာ လက်ရှိအချိန်အထိ နှစ်ဖက် တပ်တွေ စစ်ရေးတင်းမားနေဆဲဖြစ်ပြီး အဲဒီနှစ်ရွာလုံးမှာ စစ်တပ်က တပ်စွဲထားကြတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

“နမ့်ဟာရွာမှာ စစ်တပ်က အထိုင်ချထားတယ်။ တိုက်ပွဲပြန်ဖြစ်မယ် မလာနဲ့ဦးလို့ စစ်တပ်ဘက်က ပြောတယ်။ နောက်ပြီး ကောင်းလုံရွာမှာလည်း သူတို့ စစ်တပ်က စစ်ဆေးပြီး လမ်းပိတ်ထားတယ်”

ပြီးခဲ့တဲ့လက တိုက်ပွဲတွေခေတ္တငြိမ်သွားလို့ ရွာသားအချို့ နေရပ်ပြန်တာရှိပေမယ့် လူဦးရေ လေးရာ ကျော်ရှိတဲ့ နမ့်ဟာနဲ့ လူဦးရေ တစ်ရာကျော်ရှိတဲ့ ကောင်းလုံရွာသားတွေကတော့ ဒီနေ့အထိ တိုက်ပွဲတွေ ထပ်ရှိနေလို့ နေရပ်ပြန်လို့မရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က မုံးကိုးမြို့ပေါ်ကို ဆန်သယ်ယူခွင့် ကန့်သတ်ထားလို့ လက်ရှိမှာ စစ်ဘေးဒုက္ခသည်တွေကို ကချင်နှစ်ချင်းအသင်းတော်နဲ့ စေတနာရှင်တွေက ကူညီပေး နေပေမယ့် စားသောက်ရေး ရေရှည်မှာ အခက်အခဲရှိနိုင်တယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လကုန်ပိုင်းလောက်ကတည်းက အဲဒီရွာတွေအနီးမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့လို့ ကောင်းလုံ ကျေးရွာအုပ်စုထဲက ရွာပေါင်းခုနှစ်ရွာကျော်က ဒေသခံ ၇၅၀ ကျော်တို့ဟာ မုံးကိုးမြို့ပေါ်က ကချင်ခရစ်ယာန်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ နေကြရသလို တရုတ်နယ်စပ် ခြံစည်းရိုးတွေမှာလည်း ခိုလှုံခဲ့ကြရတယ်လို့ ပြောပါတယ်။

မုံးကိုးမြို့နယ်အတွင်းက စစ်ရေးအခြေအနေတွေ ဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေးတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေ မယ့် ဆက်သွယ်လို့မရ သေးပါဘူး။

မုံးကိုးမြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့တွေ ငါးလကျော်ကြာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပေမယ့် ဒီလဆန်းပိုင်းကစပြီး တိုက်ပွဲတွေ သိသိသာသာ လျော့ကျခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။