မွန်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဘက်အဖွဲ့တွေ ဆွေးနွေး
2016.01.21

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေဟာ အစိုးရသစ်လက်ထက်မှာ ပြည်နယ်အရေးကိစ္စတွေကို ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် မော်လမြိုင်မြို့က ကုန်စည်ဒိုင်ခန်းမမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဘက်အဖွဲ့တွေအကြား အမြဲမပြတ် ပူးပေါင်းဆောင်ရွက်နိုင်အောင် ဆွေးနွေးကြတာလို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။
"လွှတ်တော်အနေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကြား၊ အစိုးရအဖွဲ့အနေနဲ့ ဒီ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေကြား စဉ်ဆက်မပြတ်ပေါ့နော် ပူးပေါင်းဆောင်ရွက်ခွင့် နောက်ပြီးတော့ တင်ပြဆွေးနွေး ခွင့် နောက်ပြီးတော့ အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်ခွင့် အဲ့ဒါကိုသူတို့ အဓိကထားပြီးတော့ တင်ပြတာပေါ့၊ ဒီ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ ကျနော်တို့က အကြံပေးတာကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်ကတော့ ကိုယ်စားလှယ်တွေဖြစ်ဖြစ်၊ နောက်တက်လာမယ့် အစိုးရအဖွဲ့နဲ့ပဲဖြစ်ဖြစ် ချိတ်ဆက်နိုင်အောင်၊ တင်ပြခွင့်ရအောင်တော့ ထည့်ပြီးတော့ စဉ်းစားဖို့သင့်တယ်လို့ ကျနော်ကတော့ အဲ့ဒီလိုပဲ အကြံပြုခဲ့တာပေါ့နော်"
အဲ့ဒီတွေဆုံပွဲကို မွန်ပြည်နယ်အခြေစိုက် မေတ္တာရှင်၊ ဖြူစင်မေတ္တာ၊ ကုန်သည်စက်မှုအသင်း၊ ပေးဆပ်သူ၊ စာနာမှု စေတနာစတဲ့ အရပ်ဖက်အဖွဲ့ ၅ဝ ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း အနိုင်ရရှိတဲ့ ကိုယ်စားလှယ် ၄၅ ယောက်ရှိပြီး၊ အများစုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။