ရေဖြူမြို့နယ်က တိုက်ပွဲတွေကိစ္စ KNUနဲ့ မွန်ပြည်သစ် တွေ့ဆုံမည်
2017.01.22

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး KNUနဲ့ မွန်ပြည်သစ် ပါတီတို့ တိုက်ပွဲဖြစ်ပွားခဲ့တာတွေနဲ့ ပတ်သက်ပြီး လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။
တွေ့ဆုံဖို့အတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်ပေးတာဖြစ်ပြီး ထားဝယ်မြို့က တိုင်းဒေသကြီးအစိုးရရုံးမှာ တွေ့ဆုံမှာ ဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် နိုင်ဝင်းလှက ပြောပါတယ်။
"ပြဿနာတွေ ဖြစ်ရင် လက်နက်ကိုင်ဖြေရှင်းတဲ့နည်းနဲ့ မဟုတ်ဘဲနဲ့ ဒီတွေ့ဆုံဆွေးနွေးတဲ့နည်းက အမှန်ကန်ဆုံးပဲလေ၊ ဒီနည်းနဲ့ဖြစ်အောင် ကျနော်တို့ ကြိုးစားနေတယ်၊ အခု လာမယ့် ၂၅ ရက်နေ့မှာ ကျနော်တို့ ဒီတနင်္သာရီတိုင်းဒေသကြီး အစိုးရရဲ့ အစီအစဉ်နဲ့ပေါ့လေ၊ ကျနော်တို့ နှစ်ဖွဲ့ဆုံဖို့ရှိတယ်၊ ထားဝယ်မြို့မှာ"
မွန်ပြည်သစ်ပါတီဟာ ရေဖြူမြို့နယ်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး KNU နဲ့ တွေ့ဆုံ ဆွေးနွေးတဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့လည်း ဒီကနေ့ ထုတ်ပြန်ချက် ထုတ်ထားပါတယ်။ ဒါ့အပြင် တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်း ပစ်ခတ်တိုက်ခိုက်နေတာဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ လူမျိုးစုံချစ်ကြည်ရေး၊ ဒေသတည်ငြိမ်ရေးတို့ကို ထိခိုက်စေပြီး ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ကာလမှာ မဖြစ်သင့်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။