မွန်နဲ့ ပဲခူးမှာ လက်နက်ကြီးကြောင့် အရပ်သားငါးဦးသေဆုံးခဲ့ကြောင်း KNU ထုတ်ပြန်
2024.06.01

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ရာ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်နဲ့ မွန်ပြည်နယ်သထုံခရိုင်မှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးတစ်ဦးအပါအဝင် ငါးသေဆုံးခဲ့ပြီး ကိုးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဇွန်လ ၁ ရက်နေ့မှာ KNU ဗဟိုက ထုတ်ပြန်လိုက်ပါတယ်။
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်(မူးမြို့နယ်) နတ်လောင်း ကျေးရွာကို မေလ (၃၀) ရက်နေ့လယ်မှာ စစ်ကောင်စီ ခလရ−၃၀၇ တပ်ရင်းက ပစ်ခတ်တဲ့ (၁၂၀) မမ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၈ နှစ်အရွယ် နော်မူးမူး သေဆုံးခဲ့ပြီး အသက် ၄၅ နှစ်အရွယ် ဒေါ်သက်နဲ့ အသက် ၃၆ နှစ်အရွယ် ကိုမောင်နှစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူ ကျောက်ကြီးမြို့နယ် (လယ်ဒို) တောင်ခင်ရွာကို စစ်ကောင်စီတပ် ခလရ-၂၆၄ တပ်ရင်းက မေလ (၃၁) နေ့မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၆ နှစ်အရွယ် ဒေါ်ပန်းနုမွန် သေဆုံးခဲ့ရပြီး အသက် ၇ နှစ်အရွယ် မမိုဟေမန် ထိခိုက်ဒဏ်ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မွန်ပြည်နယ် သထုံမြို့နယ် ဘုရားဆိပ်ကျေးရွာအုပ်စုက ကျေးရွာတွေကို မေလ (၂၄) ရက်နေ့မှာ စစ်ကောင်စီ ခလရ- ၈ တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက် ၃၀ အရွယ် ကိုရဲလင်းဌေးနဲ့ အသက် ၃၅ နှစ်အရွယ် မမိုးမိုးတို့ နှစ်ဦး လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
အာဏာသိမ်းပြီးချိန်ကနေ ဧပြီလအထိ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် KNU ထိန်းချုပ်နယ်မြေက ဒေသခံ ငါးသိန်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ မေလ ၃၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။