စစ်ကောင်စီ စစ်ကူစစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၄ဝ ကျော်သေဆုံး

RFA Burmese
2025.01.04
စစ်ကောင်စီ စစ်ကူစစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၄ဝ ကျော်သေဆုံး မြဝတီ-ကော့ကရိတ် အာရှလမ်းမတိုက်ပွဲနှင့် အနန်းကွင်းဗျူဟာစခန်းတိုက်ပွဲတွေက သိမ်းဆည်းရမိခဲ့သည့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအချို့အား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က တောင်ပိုင်းစစ်ဒေသမှ ထုတ်ပြန်ထားစဉ်။
တောင်ပိုင်းစစ်ဒေသ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က အနန်းကွင်းဗျူဟာစခန်းဆီ စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဝ ကျော် သေဆုံးခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)၊ ပူးပေါင်းအဖွဲ့တွေနဲ့ ဒရုန်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၃ဝရက်နေ့ကနေ ဇန်နဝါရီ ၂ ရက်နေ့အထိ လေးရက်ဆက်တိုက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ S.O.F က သတင်းထုတ်ပြန်ထားပါတယ်။

လေးရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ သုံးကြိမ်၊ Y 12 လေယာဉ်နဲ့ တစ်ကြိမ်၊ လက်နက်ကြီးနဲ့ အကြိမ် ၁၅ဝ လောက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဆယ်ကျော် သေဆုံးခဲ့ပြီး လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ ၃ဝ ကျော်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

ဒီတိုက်ပွဲကာလအတွင်း တော်လှန်ရေးအဖွဲ့တွေဘက်က တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီစခန်းကနေ ထွက်ပြေးလာပြီး ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိတယ်လို့လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားပါတယ်။ အနန်းကွင်းဗျူဟာစခန်းဟာ စစ်ကောင်စီရဲ့ အဓိကကျတဲ့ စခန်းတွေထဲက တစ်ခုဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံး၊ ဒဏ်ရာရသူတွေ များနေပြီး ရိက္ခာတွေ လျော့နည်းလာတယ်လို့လည်း KNU က ဆိုပါတယ်။

အနန်းကွင်းဗျူဟာစခန်းကို စစ်ကောင်စီက Y 12 လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ပို့ဆောင်နေပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ကူလာတဲ့ စစ်ကြောင်းတွေကိုလည်း ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်နေတာကြောင့် အနန်းကွင်းဗျူဟာစခန်းကို မရောက်နိုင်ဘဲဖြစ်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တောင်ပိုင်းစစ်ဒေသထုတ်ပြန်ချက်အရ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့ကနေ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီ ၃ရက်နေ့အထိ ခုနစ်ရက်အတွင်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၃ ဦးသေဆုံးခဲ့သလို ၇၅ ဦးနဲ့အထက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးစားတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ PDF ဗျူဟာ ၃၂၊ ဗိုလ်တာပေါ ဦးဆောင်တဲ့ KNLA တပ်ရင်း ၂၈ ပူးပေါင်းစစ်ကြောင်းတို့ နေ့စဉ်တိုက်ပွဲဖြစ်နေတယ်လို့လည်း တောင်ပိုင်းစစ်ဒေသက ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။