ဘိလပ်မြေစက်ရုံ အစီရင်ခံစာ ဒေသခံတွေ ကန့်ကွက်


2017.08.17
mon-mcl-coal-press-622 မော်လမြိုင်မြို့ ရာမည ဟိုတယ်မှာ သြဂုတ်လ ၁၇ ရက်နေ့ကပြုလုပ်တဲ့ ဘိလပ်မြေစက်ရုံ စီမံကိန်းနဲ့ ပတ်သက်တဲ့ ရှင်းလင်းပွဲ ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ နှစ်ခု တည်ဆောက်ထားတဲ့ မွန်ပြည်နယ် ကျိုက်မရော ဘိလပ်မြေစက်ရုံစီမံကိန်းရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်လေ့လာဆန်းစစ်မှု အစီရင်ခံစာတွေ ကို ဒေသခံတွေက ကန့်ကွက်ကြပါတယ်။

ဒီကနေ့ မော်လမြိုင်မြို့ ရာမည ဟိုတယ်မှာ စီမံကိန်း လုပ်ဆောင်နေတဲ့ MCL ကုမ္ပဏီဘက်က ကျိုက်မရော ဘိလပ်မြေစက်ရုံ စီမံကိန်းနဲ့ ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် သက်ရောက်မှုဆိုင်ရာ အစီရင်ခံစာတွေကို ဒေသခံတွေကို ရှင်းပြရာမှာ ဒေသခံတွေက ကန့်ကွက်တာဖြစ်ပါတယ်။

ဒေသခံတွေဘက်က အဲဒီအစီရင်ခံစာဟာ အရင်အစိုးရ လက်ထက် ၂၀၁၃ ခုနှစ်က ရေးဆွဲခဲ့တဲ့ အစီရင်ခံစာဖြစ် တဲ့အတွက် လက်ရှိအခြေအနေနဲ့ မကိုက်လို့ဆိုပြီး ကန့်ကွက်ကြတာပါ။

ကုမ္ပဏီဘက်ကတော့ ၂၀၁၇ နှစ်ဆန်းပိုင်းမှာ ပြည်ထောင်စုအဆင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက တောင်းခံတဲ့အတွက် ၂၀၁၃ ခုနှစ်က ရေးဆွဲထားတဲ့ အစီရင်ခံစာကို အပိုင်း ၄ ပိုင်းခွဲပြီး အစိုးရကို တင်ပြထားတယ်လို့ ပြောပါတယ်။

လက်ရှိမှာ ဘိလပ်မြေစက်ရုံမှာ ၂၀ မဂ္ဂဝပ် ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံနှစ်ခု တည်ဆောက်ထားတာကြောင့် ဒေသခံရွာသားတွေက ဆန္ဒပြခဲ့ကြဖူးပါတယ်။

ဒီကနေ့ မော်လမြိုင်မြို့မှာ ပြုလုပ်တဲ့ ရှင်းလင်းပွဲကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း၊ အရပ်ဖက်အဖွဲ့တွေ၊ စီမံကိန်းလုပ်နေတဲ့ ကျိုက်မရောမြို့နယ် ပျားတောင်ဒေသခံတွေ တက်ရောက်ခဲ့ပါတယ်။

ဒီသဘာဝပတ်ဝန်းကျင် ဆန်းစစ်ချက် အစီရင်ခံစာ လူထုချပြပွဲတွေကို ကျိုက်မရောမြို့နယ် ပျားတောင်ဒေသ က ကျေးရွာတွေမှာ ဆက်လက်ပြုလုပ်ဦးမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။