မွန်ပြည်နယ်အစိုးရ ဘိလပ်မြေစက်ရုံကို စစ်ဆေး
2017.02.24

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပျားတောင်ဒေသက ကျောက်မီးသွေးလောင်စာသုံးနေတဲ့ MCL ဘိလပ်မြေစက်ရုံ စမ်းသပ်လည်ပတ်မှုကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်မှုနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဒီကနေ့ သွားရောက်စစ်ဆေးခဲ့ပါတယ်။
နိုင်ငံတော်သမ္မတရုံးက စစ်ခိုင်းတဲ့အတွက် စစ်ဆေးတာဖြစ်ပြီး စစ်ဆေးတွေ့ရှိချက်တွေကို မနက်ဖြန်မှာ နိုင်ငံတော် သမ္မတရုံးကို တင်ပြသွားမှာ ဖြစ်တယ်လို့ မွန်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်း ကပြောပါတယ်။
"နိုင်ငံတော်သမ္မတရုံး စီးပွားရေးဌာနကြီးကနေပြီးတော့ စစ်ခိုင်းတာပါ။ အဲ့ဒီက စာထုတ်ပြီးတော့ကာ ကျနော်တို့ ဒီသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရယ်၊ နောက်လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရယ် စာတော့ ဌာနနှစ်ခုကို ချထားပေးပါတယ်။ ဒီဥစ္စာကို အမြန်ဆုံးစစ်ဆေး ပြီးတော့ တင်ပြရန်ဆိုတဲ့ မှတ်ချက်နဲ့ ကျလာတယ်။ ကျနော်တို့ ၂၅ ရက်နေ့မှာ တင်ပြဖို့ရှိတဲ့အ တွက်ကြောင့်မို့လို ဒီနေ့ ကျနော်တို့ ကွင်းဆင်းနေ ပါတယ်။"
MCL ဘိလပ်မြေစက်ရုံဟာ ထိုင်း-မြန်မာ ဖက်စပ်ပိုင်ပုဂ္ဂလိက စက်ရုံဖြစ်ပြီး ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ပြီး စမ်းသပ်လည်ပတ်ခွင့်ရရှိထားတာ ဖြစ်ပါတယ်။
အဲဒီစက်ရုံအနေနဲ့ ကျောက်မီးသွေးအသုံးပြုပြီး လည်ပတ်နေတာကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှာကို စိုးရိမ်ကြောင်း ဒေသခံတွေက ပြည်ထောင်စုအစိုးရအဖွဲ့ထံ အကြောင်းကြားစာပေးပို့ထားပြီး အခုလ ၁၈ ရက် နေ့ကလည်း ဒေသခံတစ်ထောင်နီးပါးက ကန့်ကွက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။
MCL ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တရားဝင်လုပ်ငန်းလည်ပတ်ခွင့်ဟာ မွန်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ လျှပ်စစ်၊ စွမ်းအင်နဲ့ စက်မှုဝန်ကြီးဌာနတို့ရဲ့ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာပေါ်မှုတည်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ဘက်က ဆုံးဖြတ်သွားနိုင်ချေရှိတယ်လို့ ဒေါက်တာ မင်းကြည်ဝင်း ကပြောပါတယ်။